ဗွီဒီယို တည်းဖြတ်ခြင်း အခြေခံများ

ဗွီဒီယိုတည်းဖြတ်ရန် အသုံးပြုသော Software များ

ဗွီဒီယို တည်းဖြတ်ခြင်းသည် သတင်းဗွီဒီယို ဖန်တီးရာတွင် အရေးပါသော အဆင့်တစ်ခု ဖြစ်ပါသည်။ ဗွီဒီယို တည်းဖြတ်ခြင်းဖြင့် မလိုအပ်သော အပိုင်းများကို ဖယ်ရှားနိုင်ခြင်း၊ ဇာတ်လမ်းကို ပိုမို ကောင်းမွန်အောင် ပုံဖော်နိုင်ခြင်း၊ အသံနှင့် effect များ ထည့်သွင်းနိုင်ခြင်း စသည်ဖြင့် ဗွီဒီယိုကို ပိုမို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ပါသည်။ ဗွီဒီယို တည်းဖြတ်ရန် အသုံးပြုသော software များစွာ ရှိပါသည်။ အသုံးများသော software အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ Adobe Premiere Pro

  • ကမ္ဘာပေါ်တွင် အသုံးအများဆုံး ဗွီဒီယို တည်းဖြတ်သည့် software များထဲမှ တစ်ခုဖြစ်သည်။
  • အခြေခံမှ အဆင့်မြင့်အထိ ဗွီဒီယို တည်းဖြတ်နိုင်သော ကိရိယာများ (tools) ပါဝင်သည်။
  • အခြား Adobe software များဖြစ်သည့် After Effects, Photoshop တို့နှင့် ချိတ်ဆက် အသုံးပြုနိုင်သည်။
  • သင်ခန်းစာများနှင့် အွန်လိုင်း အကူအညီများစွာ ရှိသည်။

၂။ Final Cut Pro

  • Apple ကွန်ပျူတာများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော ပရော်ဖက်ရှင်နယ် အဆင့် ဗွီဒီယို တည်းဖြတ်သည့် software ဖြစ်သည်။
  • လျင်မြန်ပြီး အသုံးပြုရ လွယ်ကူသော interface ပါရှိသည်။
  • အရောင် ချိန်ညှိခြင်း (color grading) ကိရိယာများ ကောင်းမွန်သည်။
  • အခြား Apple software များနှင့် ချိတ်ဆက် အသုံးပြုနိုင်သည်။

၃။ DaVinci Resolve

  • အခမဲ့ အသုံးပြုနိုင်သော ဗွီဒီယို တည်းဖြတ်သည့် software ဖြစ်ပြီး အရောင် ချိန်ညှိခြင်း (color grading) ကိရိယာများ အထူးကောင်းမွန်သည်။
  • အခြေခံမှ အဆင့်မြင့်အထိ ဗွီဒီယို တည်းဖြတ်နိုင်သော ကိရိယာများ (tools) ပါဝင်သည်။
  • အခြား software များဖြင့် ချိတ်ဆက် အသုံးပြုနိုင်သည်။

၄။ iMovie

  • Apple ကွန်ပျူတာနှင့် iOS ထုတ်ကုန်များတွင် အခမဲ့ အသုံးပြုနိုင်သော ဗွီဒီယို တည်းဖြတ်သည့် software ဖြစ်သည်။
  • အသုံးပြုရ လွယ်ကူပြီး အခြေခံ တည်းဖြတ်ခြင်းများအတွက် သင့်တော်သည်။
  • ဗွီဒီယို တည်းဖြတ်ခြင်းကို အခုမှ စတင် လေ့လာသူများအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

အထက်ပါ software များအပြင် အခြားသော ဗွီဒီယို တည်းဖြတ်သည့် software များစွာလည်း ရှိပါသေးသည်။ မိမိ၏ လိုအပ်ချက်နှင့် ကိုက်ညီသော software ကို ရွေးချယ် အသုံးပြုနိုင်ပါသည်။

ဗွီဒီယိုတည်းဖြတ်ခြင်း အဆင့်များ

ဗွီဒီယို တည်းဖြတ်ခြင်းသည် အဆင့်များစွာ ပါဝင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အောက်ပါတွင် ဗွီဒီယို တည်းဖြတ်ခြင်း အဆင့်များကို အစဉ်လိုက် ဖော်ပြထားပါသည်။

၁။ Importing (ဖိုင်များ သွင်းယူခြင်း)

  • ကင်မရာ သို့မဟုတ် အခြားသော သိမ်းဆည်းသည့် ကိရိယာမှ ဗွီဒီယိုဖိုင်များကို ကွန်ပျူတာထဲသို့ သွင်းယူခြင်း ဖြစ်သည်။
  • ဗွီဒီယိုဖိုင်များကို တည်းဖြတ်ရန် software အတွင်းသို့ ထည့်သွင်းပြီး စတင် တည်းဖြတ်နိုင်သည်။

၂။ Organizing (စီစဉ်ခြင်း)

  • သွင်းယူလာသော ဗွီဒီယိုဖိုင်များကို အမျိုးအစားအလိုက် စီစဉ်ခြင်း (ဥပမာ – အင်တာဗျူးများ၊ b-roll များ၊ ဖြစ်ရပ်မြင်ကွင်းများ)၊
  • မလိုအပ်သော ဖိုင်များကို ဖျက်ပစ်ခြင်း သို့မဟုတ် အခြားသော နေရာတွင် သိမ်းဆည်းခြင်း၊
  • ဗွီဒီယိုဖိုင်များကို ပြန်လည် အမည်ပေးခြင်း တို့ ပါဝင်သည်။

၃။ Editing (တည်းဖြတ်ခြင်း)

  • ဗွီဒီယိုဖိုင်များကို တိုတို ဖြတ်တောက်ခြင်း (cutting)၊
  • ဗွီဒီယို အပိုင်းအစများကို ပြန်လည် စီစဉ်ခြင်း (rearranging)၊
  • မလိုအပ်သော အပိုင်းများကို ဖယ်ရှားခြင်း (trimming)၊
  • အသံအတိုးအကျယ် ချိန်ညှိခြင်း၊ (volume adjustment)
  • အရောင်အသွေး ချိန်ညှိခြင်း (color correction) တို့ ပါဝင်သည်။

၎။ Adding Effects, Transitions, Music and Sound Effects  ထည့်သွင်းခြင်း

  • ဗွီဒီယိုကို ပိုမို ဆွဲဆောင်မှု ရှိစေရန် Effect များ (ဥပမာ – slow motion, fast motion, filters) ထည့်သွင်းခြင်း၊
  • ဗွီဒီယို အပိုင်းအစများကြား ချောမွေ့စွာ ကူးပြောင်းစေရန် transitions (ဥပမာ – fade, dissolve, wipe) အသုံးပြုခြင်း၊
  • ဗွီဒီယိုနှင့် လိုက်ဖက်သော ဂီတ သို့မဟုတ် အသံ (sound effects) များ ထည့်သွင်းခြင်း တို့ ပါဝင်သည်။

၅။ Exporting (ဖိုင်ထုတ်ယူခြင်း)

  • တည်းဖြတ်ပြီး ဗွီဒီယိုကို သတ်မှတ်ထားသော format တစ်ခုဖြင့် ထုတ်ယူခြင်း ဖြစ်သည်။
  • ထုတ်ယူမည့် format ကို ရွေးချယ်ရာတွင် ဗွီဒီယိုကို မည်သည့် ပလက်ဖောင်းတွင် ဖော်ပြမည် (အွန်လိုင်း၊ ရုပ်မြင်သံကြား) နှင့် ကြည့်ရှုသူများ အသုံးပြုသည့် ကိရိယာများကို ထည့်သွင်းစဉ်းစားရမည်။

အထက်ပါ တည်းဖြတ်ခြင်း အဆင့်များကို လိုက်နာခြင်းဖြင့် သတင်းဗွီဒီယိုများကို ပရော်ဖက်ရှင်နယ် ကျကျ တည်းဖြတ်နိုင်မည် ဖြစ်ပါသည်။ သို့သော် ဗွီဒီယို တည်းဖြတ်ခြင်းသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့် အဆက်မပြတ် လေ့ကျင့်မှု ပြုလုပ်ရန် အရေးကြီးပါသည်။

ဗွီဒီယိုတည်းဖြတ်ရာတွင် လိုက်နာသင့်သော စည်းမျဉ်းများ

ဗီဒီယိုတည်းဖြတ်ခြင်းသည် ကြည့်ရှုသူကို ဆွဲဆောင်နိုင်သော၊ ဇာတ်လမ်းကို ပြည့်စုံစွာ ဖော်ပြနိုင်သော အရည်အသွေးမြင့် ဗီဒီယိုတစ်ခု ဖြစ်လာစေရန် အရေးကြီးသော အဆင့်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဗီဒီယိုတည်းဖြတ်ရာတွင် အောက်ပါ စည်းမျဉ်းများကို သတိပြုလိုက်နာသင့်ပါသည်။

၁။ Jump Cuts (ခုန်ကူးရိုက်ကွက်)

  • Jump cut ဆိုသည်မှာ တူညီသော ကင်မရာထောင့် (angle) နှင့် အကြောင်းအရာ (subject) ဖြင့် ရိုက်ကူးထားသော ဗီဒီယို clip နှစ်ခုကို တည်းဖြတ်ပြီး ဆက်တိုက် ပြသခြင်းကြောင့် ဖြစ်ပေါ်လာသော ရုပ်ပုံ ခုန်ကူးသွားသည့် ပုံစံမျိုး ဖြစ်သည်။
  • ဥပမာ – လူတစ်ယောက် စကားပြောနေသည့် ဗီဒီယိုတွင် စကားအချို့ကို ဖြတ်တောက်ထားပါက ကျန်ရှိနေသော စကားများသည် ခုန်ကူး ပြောနေသကဲ့သို့ ဖြစ်ပေါ်စေသည်။
  • Jump cut များသည် ကြည့်ရှုသူအား ဇာတ်လမ်း နားလည်ရန် ခက်ခဲစေပြီး ဗွီဒီယို၏ စီးဆင်းမှုကို ထိခိုက်စေသည်။
  • Jump cut များကို ရှောင်ရှားရန် အောက်ပါ နည်းလမ်းများကို အသုံးပြုနိုင်သည်။
    • B-roll ထည့်သွင်းခြင်း (အဓိက ရိုက်ချက်နှင့် ဆက်စပ်သော အခြား ရိုက်ချက်များ)
    • Cutaway shot များ ထည့်သွင်းခြင်း (အဓိက အကြောင်းအရာမှ ခွဲထွက်၍ အခြား အကြောင်းအရာကို ပြသသော ရိုက်ချက်များ)
    • ကင်မရာထောင့် ကွဲပြားသော ရိုက်ချက်များကို အသုံးပြုခြင်း
    • Transition effect များ အသုံးပြုခြင်း (fade, dissolve စသည်)

၂။ Continuity (ဆက်စပ်မှု)

  • Continuity ဆိုသည်မှာ ဗွီဒီယိုတစ်ခုလုံး အစီအစဉ်တကျ ဆက်စပ်မှု ရှိခြင်းကို ဆိုလိုသည်။
  • ဗီဒီယိုတစ်ခုတွင် ဇာတ်ကောင်များ၏ အဝတ်အစား၊ ပစ္စည်းများ၊ နေရာ စသည်တို့သည် ရိုက်ချက် တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားသည့်အခါတွင် တသမတ်တည်း ရှိနေရန် အရေးကြီးသည်။
  • Continuity မရှိပါက ကြည့်ရှုသူအား ဇာတ်လမ်း နားလည်ရန် ခက်ခဲစေပြီး ဗွီဒီယို၏ ယုံကြည်မှုကို လျော့ကျစေနိုင်သည်။
  • Continuity ကို ထိန်းသိမ်းရန် ဗွီဒီယို ရိုက်ကူးစဉ် အသေးစိတ်ကို သတိပြုရန် လိုအပ်ပြီး တည်းဖြတ်ရာတွင်လည်း အသေးစိတ်စစ်ဆေးရန် လိုအပ်သည်။

၃။ Pacing (ရိုက်ချက် စည်းချက်)

  • Pacing ဆိုသည်မှာ ဗွီဒီယိုတစ်ခု၏ စည်းချက် (flow) နှင့် အရှိန် (rhythm) ကို ဆိုလိုသည်။
  • ရိုက်ချက်တစ်ခုနှင့် တစ်ခုကြား အချိန်ကာလ၊ transition များ အသုံးပြုပုံနှင့် ဂီတ အသုံးပြုပုံတို့က ဗွီဒီယို၏ pacing ကို ဆုံးဖြတ်သည်။
  • ကောင်းမွန်သော pacing သည် ကြည့်ရှုသူအား ဗွီဒီယိုကို စိတ်ဝင်စားစွာ ဆက်လက် ကြည့်ရှုလိုစိတ် ဖြစ်ပေါ်စေပြီး ပျင်းရိခြင်း မဖြစ်စေရန် အထောက်အကူ ပြုသည်။
  • သတင်းဗွီဒီယိုများတွင် ကြည့်ရှုသူ ပျင်းရိမသွားစေရန် မြန်ဆန်သော pacing ကို အသုံးပြုလေ့ရှိသည်။

အထက်ဖော်ပြပါ စည်းမျဉ်းသုံးခုကို သတိပြုလိုက်နာခြင်းဖြင့် သတင်းဗွီဒီယို ရိုက်ကူးသူများအနေဖြင့် ပရော်ဖက်ရှင်နယ် အဆင့်မီ ဗွီဒီယိုများကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

တည်းဖြတ်ခြင်းဆိုင်ရာ နည်းစနစ်များ

Color Grading (အရောင် ချိန်ညှိခြင်း)

Color grading ဆိုသည်မှာ ဗွီဒီယိုတစ်ခု၏ အရောင်အသွေးများကို ချိန်ညှိပြီး ဗွီဒီယို၏ mood နှင့် tone ကို ပြောင်းလဲပေးသည့် ဖန်တီးမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဗွီဒီယိုတည်းဖြတ်ခြင်း (video editing) လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်တွင် color grading ပြုလုပ်လေ့ရှိပြီး ဇာတ်လမ်းကို ပိုမို ဆွဲဆောင်မှုရှိစေရန်၊ ကြည့်ရှုသူ၏ စိတ်ခံစားမှုကို လှုံ့ဆော်ပေးရန်နှင့် ဗွီဒီယို၏ ခံစားချက်ကို ပိုမို ပေါ်လွင်စေရန် အသုံးပြုသည်။

Color Grading နည်းစနစ်များ

၁။ Color Correction (အရောင်ပြင်ဆင်ခြင်း)

  • ဗွီဒီယို၏ အရောင်များကို မှန်ကန်သော အနေအထားသို့ ပြန်လည် ချိန်ညှိပေးသည့် လုပ်ငန်းစဉ် ဖြစ်သည်။
  • ဥပမာ – အရောင်များ လွန်ကဲနေခြင်း၊ အရောင်များ မှေးမှိန်နေခြင်း၊ အရောင်များ မညီညာဖြစ်နေခြင်း တို့ကို ပြုပြင်ပေးခြင်း ဖြစ်သည်။

၂။ Color Temperature 

  • ဗွီဒီယို၏ ယေဘုယျ အရောင်အသွေးကို ပြောင်းလဲပေးသည်။
  • Color Temperature ကို ချိန်ညှိခြင်းဖြင့် ဗွီဒီယို၏ ခံစားချက်ကို ပြောင်းလဲစေနိုင်သည်။
  • ဥပမာ – အရောင် ပိုမို နွေးထွေးစေခြင်း (warmer) ဖြင့် ပျော်ရွှင်ဖွယ် ခံစားချက်၊ အရောင် ပိုမို အေးစက်စေခြင်း (cooler) ဖြင့် လွမ်းဆွတ်ဖွယ် ခံစားချက် ဖြစ်ပေါ်စေနိုင်သည်။

၃။ Tint (အရောင် စပ်ဖျော့ခြင်း)

  • အရောင် စပ်ဖျော့ခြင်း (ဥပမာ – အစိမ်းရောင် သို့မဟုတ် မက်ဂျန်တာရောင် စပ်ဖျော့ခြင်း) ဖြင့် ဗွီဒီယို၏ ခံစားချက်ကို ပြောင်းလဲနိုင်သည်။

၄။ Contrast (ဆန့်ကျင်ဘက် အသုံးပြုမှု)

  • အရောင်များ၏ ဆန့်ကျင်ဘက် ခြားနားမှုကို ချိန်ညှိခြင်းဖြင့် ဗွီဒီယို၏ ပုံရိပ်များကို ပိုမို ပေါ်လွင်စေနိုင်သည်။

၅။ Saturation (အရောင် ပြည့်ဝမှု)

  • အရောင်များ၏ ပြည့်ဝမှုကို ချိန်ညှိခြင်းဖြင့် ဗွီဒီယို၏ ခံစားချက်ကို ပြောင်းလဲနိုင်သည်။
  • အရောင် ပြည့်ဝမှု များလေလေ ပိုမို သက်ဝင်လှုပ်ရှားဖွယ် ဖြစ်စေသည်။

၆။ Curves (ကာဗ်များ)

  • အရောင်များ၏ တောက်ပမှုနှင့် အမှောင်မှုကို ပိုမို အသေးစိတ်အောင် ချိန်ညှိနိုင်သည်။
  • Shadows, midtones နှင့် highlights တို့ကို သီးခြားစီ ချိန်ညှိနိုင်သည်။

၇။ Look-Up Tables (LUTs)

  • ကြိုတင် သတ်မှတ်ထားသော အရောင် ချိန်ညှိမှုများ ပါဝင်သော ဖိုင်များ ဖြစ်သည်။
  • LUTs များကို အသုံးပြုခြင်းဖြင့် ဗွီဒီယို၏ အရောင်အသွေးကို လျင်မြန်စွာ ပြောင်းလဲနိုင်သည်။

အထက်ပါ နည်းစနစ်များကို အသုံးပြုခြင်းဖြင့် သတင်းဗွီဒီယို တည်းဖြတ်သူများအနေဖြင့် ဗွီဒီယို၏ mood နှင့် tone ကို ထိန်းချုပ်ပြီး ပိုမို ဆွဲဆောင်မှု ရှိသော ဗွီဒီယိုများ ဖန်တီးနိုင်မည် ဖြစ်ပါသည်။

Sound Design (အသံ ဖန်တီးခြင်း)

သတင်းဗွီဒီယိုတစ်ခုတွင် အသံဖန်တီးမှု (sound design) သည် ကြည့်ရှုသူ၏ အတွေ့အကြုံကို မြှင့်တင်ပေးရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အသံအကျိုးသက်ရောက်မှု (sound effects)၊ နောက်ခံတေးဂီတ (background music) နှင့် အခြားသော အသံ Effect များကို အသုံးပြုခြင်းဖြင့် ဗွီဒီယိုကို ပိုမို ဆွဲဆောင်မှုရှိစေပြီး ဇာတ်လမ်းကို ပိုမို ထိထိရောက်ရောက် ပြောပြနိုင်ပါသည်။

အသံအကျိုးသက်ရောက်မှု (Sound Effects)

  • သတင်းဖြစ်ရပ်၏ ပတ်ဝန်းကျင်အသံများ (ambient sound) ကို ထည့်သွင်းခြင်းဖြင့် ကြည့်ရှုသူအား ပိုမို လက်တွေ့ကျကျ ခံစားစေနိုင်သည်။
  • ဥပမာ – မီးလောင်မှု သတင်းတွင် မီးလောင်သံ၊ လူအုပ်သံ၊ ဆူညံသံများ ထည့်သွင်းခြင်းဖြင့် ကြည့်ရှုသူအား မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားသကဲ့သို့ ခံစားစေနိုင်သည်။
  • အသံအကျိုးသက်ရောက်မှုများသည် ဇာတ်လမ်း၏ စိတ်လှုပ်ရှားဖွယ် အခြေအနေများကို ပိုမို ပေါ်လွင်စေနိုင်သည်။
  • ဥပမာ – ကားတိုက်မှု သတင်းတွင် ကားဘရိတ်အုပ်သံ၊ ကားတိုက်သံ၊ လူအော်သံများ ထည့်သွင်းခြင်းဖြင့် ကြည့်ရှုသူအား ကားတိုက်မှု၏ ပြင်းထန်မှုကို ပိုမို ခံစားစေနိုင်သည်။

နောက်ခံတေးဂီတ (Background Music)

  • သတင်းဗွီဒီယို၏ ခံစားချက်နှင့် ဆီလျော်သော နောက်ခံတေးဂီတကို ရွေးချယ် အသုံးပြုခြင်းဖြင့် ကြည့်ရှုသူ၏ စိတ်ခံစားမှုကို ပိုမို လှုံ့ဆော်ပေးနိုင်သည်။
  • ဥပမာ – သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းတွင် ငြိမ့်ညောင်းသောတေးဂီတကို အသုံးပြုခြင်းဖြင့် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေနိုင်သည်။
  • နောက်ခံတေးဂီတသည် ဇာတ်လမ်း၏ အရှိန်အဟုန်ကို ထိန်းညှိပေးနိုင်သည်။ ဥပမာ – အားကစားပွဲ သတင်းတွင် စိတ်လှုပ်ရှားဖွယ် တေးဂီတကို အသုံးပြုခြင်းဖြင့် ပွဲ၏ အရှိန်အဟုန်ကို ပိုမို ပေါ်လွင်စေနိုင်သည်။

အသံအရည်အသွေး (Audio Quality)

  • အသံအရည်အသွေး ကောင်းမွန်မှုသည် သတင်းဗွီဒီယို၏ ယုံကြည်မှုကို မြှင့်တင်ပေးသည်။
  • အသံရှင်းလင်းပြတ်သားမှု ရှိစေရန် ကြိုးစားပါ။
  • နောက်ခံ ဆူညံသံများကို တတ်နိုင်သမျှ လျှော့ချပါ။

Sound Mixing (အသံ ပေါင်းစပ်ခြင်း)

  • ဗွီဒီယိုတွင် အသံအမျိုးအစား တစ်ခုထက်ပို၍ ပါဝင်ပါက (ဥပမာ – နောက်ခံတေးဂီတ၊ ဇာတ်ကောင် စကားပြောသံ၊ ပတ်ဝန်းကျင်အသံ) အသံအားလုံး ဟန်ချက်ညီစွာ ပေါင်းစပ်ထားရန် အရေးကြီးသည်။
  • တစ်ခုချင်း အသံ၏ အတိုးအကျယ်ကို ချိန်ညှိခြင်း၊ အသံများ ထပ်နေခြင်းကို ရှောင်ရှားခြင်းဖြင့် ကြည့်ရှုသူ နားထောင်ရ သက်တောင့်သက်သာ ရှိစေမည် ဖြစ်သည်။

အထက်ပါ နည်းစနစ်များကို အသုံးပြုခြင်းဖြင့် သတင်းဗွီဒီယို ရိုက်ကူးသူများသည် ပိုမို ဆွဲဆောင်မှု ရှိပြီး အကြောင်းအရာ ပြည့်စုံသော ဗွီဒီယိုများ ဖန်တီးနိုင်မည် ဖြစ်ပါသည်။

Motion Graphics (လှုပ်ရှားဂရပ်ဖစ်)

Motion graphics ဆိုသည်မှာ ဗွီဒီယိုတစ်ခုတွင် စာသား၊ ဂရပ်ဖစ်၊ သို့မဟုတ် animation များကို ထည့်သွင်း၍ ပိုမို ဆွဲဆောင်မှု ရှိအောင် ဖန်တီးသည့် နည်းပညာတစ်ခု ဖြစ်ပါသည်။ သတင်းဗွီဒီယိုများတွင် motion graphics ကို အသုံးပြုခြင်းဖြင့် အချက်အလက်များကို ပိုမို ထိရောက်စွာ ဖော်ပြနိုင်ပြီး ကြည့်ရှုသူ၏ အာရုံကို ဖမ်းစားနိုင်သည်။

Motion Graphics အသုံးပြုပုံများ

  1. စာသား (Text)
  • သတင်းခေါင်းစဉ်များ၊ ဖြစ်ရပ်အကြောင်း ဖော်ပြချက်များ၊ အင်တာဗျူး စာတန်းထိုးများ၊ နေရာ သို့မဟုတ် ပုဂ္ဂိုလ်များ၏ အမည်များ စသည်တို့ကို စာသားဖြင့် ဖော်ပြနိုင်သည်။
  • စာလုံးပုံစံ၊ အရွယ်အစား၊ အရောင် နှင့် လှုပ်ရှားမှုများကို ပြောင်းလဲခြင်းဖြင့် စာသားများကို ပိုမို ဆွဲဆောင်မှု ရှိစေနိုင်သည်။
  1. ဂရပ်ဖစ် (Graphics)
  • သတင်းဖြစ်ရပ်နှင့် သက်ဆိုင်သော ဂရပ်ဖစ်များ (ဥပမာ – မြေပုံ၊ ဇယား၊ သရုပ်ဖော်ပုံများ) ကို ထည့်သွင်းခြင်းဖြင့် သတင်းအချက်အလက်များကို ပိုမို ထိရောက်စွာ ဖော်ပြနိုင်သည်။
  • ဂရပ်ဖစ်များကို လှုပ်ရှားမှုများဖြင့် တွဲဖက် တင်ဆက်ခြင်းက ပိုမို စိတ်ဝင်စားဖွယ် ဖြစ်စေသည်။
  1. Animation
  • သတင်းဖြစ်ရပ်တစ်ခုကို ရှင်းလင်းပြတ်သားစွာ ရှင်းပြရန် သို့မဟုတ် ကြည့်ရှုသူ၏ စိတ်ကူးစိတ်သန်းကို နှိုးဆွပေးရန် animation များကို အသုံးပြုနိုင်သည်။
  • ဥပမာ – ရာသီဥတု သတင်းတွင် မိုးလေဝသ ဖြစ်စဉ်ကို ရှင်းပြရန် animation များ အသုံးပြုနိုင်သည်။

Motion Graphics ဖန်တီးရန် အသုံးပြုသော Software များ

  • Adobe After Effects: ပရော်ဖက်ရှင်နယ် အဆင့် motion graphics ဖန်တီးရန် အသုံးပြုသော software ဖြစ်သည်။
  • Apple Motion: Final Cut Pro နှင့် တွဲဖက်အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော motion graphics software ဖြစ်သည်။
  • Cinema 4D: 3D motion graphics ဖန်တီးရန် အသုံးပြုသော software ဖြစ်သည်။

Motion Graphics ဖန်တီးရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ

  • ရိုးရှင်းမှု (Simplicity)။ Motion graphics များသည် ကြည့်ရှုသူအား စိတ်ရှုပ်ထွေးမှု မဖြစ်စေရန် ရိုးရှင်းပြတ်သားသင့်သည်။
  • ဆွဲဆောင်မှု (Attractiveness)။ Motion graphics များသည် ကြည့်ရှုသူ၏ အာရုံကို ဖမ်းစားနိုင်ရန် ဆွဲဆောင်မှု ရှိသင့်သည်။
  • သက်ဆိုင်မှု (Relevance)။ သတင်းအကြောင်းအရာနှင့် သက်ဆိုင်သော motion graphics များကိုသာ အသုံးပြုသင့်သည်။
  • အချိန်ကိုက် (Timing)။ Motion graphics များသည် ဗွီဒီယို၏ အချိန်ကာလနှင့် ကိုက်ညီစွာ ပေါ်လာသင့်သည်။

Motion graphics ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ခြင်းဖြင့် သတင်းဗွီဒီယိုများကို ပိုမို ဆွဲဆောင်မှု ရှိစေပြီး ကြည့်ရှုသူများအား ပိုမို ထိရောက်စွာ သတင်းပေးနိုင်မည် ဖြစ်ပါသည်။

မာတိကာ

သတင်းရုပ်သံ အခြေခံသဘောတရားများ

၁။ သတင်းဗွီဒီယိုဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် အရေးပါပုံ
၂။ သတင်းဗွီဒီယိုနှင့် အခြားဗွီဒီယို အမျိုးအစားများ၏ ကွဲပြားခြားနားချက်များ
၃။ သတင်းဗွီဒီယိုတွင် လိုအပ်သော အရည်အသွေးများ
၄။ သတင်းဗွီဒီယို ရိုက်ကူးရာတွင် လိုက်နာရမည့် အကျင့်ဝတ်များ

ကင်မရာနှင့် နည်းပညာဆိုင်ရာ အခြေခံများ

၁။ ဗွီဒီယိုကင်မရာ အမျိုးအစားများ
၂။ သတင်းဗွီဒီယို ရိုက်ကူးရန် သင့်လျော်သော ကင်မရာ ရွေးချယ်နည်း
၃။ ကင်မရာ ဆက်တင်များ
၄။ အသံဖမ်းယူရန် လိုအပ်သော ကိရိယာများ
၅။ အလင်းအမှောင် ချိန်ညှိနည်းများ

ဗွီဒီယို တည်းဖြတ်ခြင်း အခြေခံများ

၁။ ဗွီဒီယိုတည်းဖြတ်ရန် အသုံးပြုသော Software များ
၂။ ဗွီဒီယိုတည်းဖြတ်ခြင်း အဆင့်များ
၃။ ဗွီဒီယိုတည်းဖြတ်ရာတွင် လိုက်နာသင့်သော စည်းမျဉ်းများ
၄။ တည်းဖြတ်ခြင်းဆိုင်ရာ နည်းစနစ်များ

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ