သတင်းရွေးချယ်မှု မူဝါဒ

Burma 24 အနေဖြင့် ယုံကြည်စိတ်ချရသော၊ တိကျမှန်ကန်ပြီး ကျင့်ဝတ်နှင့်အညီ သတင်းများကို စနစ်တကျ ရွေးချယ်စုစည်းကာ စာဖတ်သူများထံ တင်ဆက်ပေးရန် ကြိုးပမ်းအားထုတ်နေပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်း (platform) ၏ သမာသမတ်ကျမှုကို ထိန်းသိမ်းကာ အသုံးပြုသူများအတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးအပ်နိုင်ရန် အောက်ပါ သတင်းရွေးချယ်မှုဆိုင်ရာ လမ်းညွှန်ချက်များကို ချမှတ်ထားပါသည်။

1. အတည်ပြုခြင်း
  • ဦးစားပေး သတင်းရင်းမြစ်များ။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သို့မဟုတ် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားသော သတင်းဌာနများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ဦးစားပေး ဖော်ပြပါမည်။ အဆိုပါ အဖွဲ့အစည်းများသည် သတင်းမီဒီယာ ကျင့်ဝတ် စံနှုန်းများကို အပြည့်အဝ လိုက်နာကြပြီး သတင်းမှန်ကန်မှုနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ အာမခံချက် ပေးနိုင်ပါသည်။
  • အတည်ပြုခြင်း။ ကျွန်ုပ်တို့အဖွဲ့သည် ကျွန်ုပ်တို့၏ပလက်ဖောင်းပေါ်တွင် ဖော်ပြထားသော သတင်းဌာနအားလုံးကို စိစစ်အတည်ပြုပြီးမှ တင်ဆက်ပါသည်။ သီးခြား အတည်ပြုလုပ်ငန်းစဉ် မရှိသေးသော သတင်းဌာနများ၏ သတင်းအချက်အလက်များကို အစိုးရ သတင်းထုတ်ပြန်ချက်များ၊ တရားဝင် ကြေညာချက်များ နှင့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းများ၏ အစီရင်ခံစာများကဲ့သို့သော ယုံကြည်ရလောက်သည့် ရင်းမြစ်များနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဖော်ပြပါသည်။
2. နည်းပညာ စံနှုန်းများ
  • Facebook အတည်ပြုလက်မှတ်။ Facebook စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေသော သတင်းရင်းမြစ်များသည် Facebook မှ ထုတ်ပေးသည့် အတည်ပြုလက်မှတ် (အပြာရောင် အမှန်ခြစ်) ရှိရမည်။ ဤသည်မှာ Facebook မှ စာမျက်နှာ၏ စစ်မှန်ကြောင်း အတည်ပြုပြီး ဖြစ်ကြောင်း ဖော်ပြသည်။
  • HTTPS လုံခြုံရေး။ သတင်း ဝဘ်ဆိုဒ်များသည် HTTPS (Hypertext Transfer Protocol Secure) ပရိုတိုကော (protocol) ကို အသုံးပြုရမည်။ ၎င်းကို ဝဘ်ဆိုဒ်လိပ်စာ မျဉ်းတွင် သော့ခလောက်ပုံ ဖြင့် ဖော်ပြထားပြီး ဝဘ်ဆိုဒ်နှင့် အသုံးပြုသူ၏ Browser (ဘရောက်ဆာ) အကြား လုံခြုံသော၊ ကုဒ်ဝှက်ထားသော ဆက်သွယ်မှုကို သေချာစေသည်။
3. တာဝန်ရှိမှုနှင့် တာဝန်ခံမှု
  • သတင်းဌာန စံနှုန်းများ။ ကျွန်ုပ်တို့သည် တာဝန်သိသတင်းမီဒီယာ လုပ်ငန်းဆောင်ရွက်မှုကို ဦးစားပေးသည့်အပြင် စိစစ်အတည်ပြုနိုင်သော သတင်းဌာန စီမံခန့်ခွဲမှုစနစ် ရှိသည့် သတင်းဌာနများကို ဦးစားပေး ဖော်ပြပါသည်။ ဤသည်တွင် ကျင့်ဝတ်လိုက်နာမှု၊ အချက်အလက်များ စိစစ်ခြင်း လုပ်ငန်းစဉ်များနှင့် သတင်းရေးသား တင်ဆက်မှုတွင် ပွင့်လင်းမြင်သာမှုတို့ ပါဝင်ပါသည်။
  • သတင်းမှား ကင်းစင်စေရေး။ မှားယွင်းသော သတင်းအချက်အလက်များ၊ သတင်းမှားများ သို့မဟုတ် တမင်သက်သက် လှည့်ဖြားမှုပြုလုပ်သည့် အကြောင်းအရာများ ဖြန့်ဝေဖူးသော သတင်းဌာနများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် ဖော်ပြမည် မဟုတ်ပါ။ မှားယွင်းသော သတင်းအချက်အလက်များ ပျံ့နှံ့မှုကို တွန်းလှန်ရန်နှင့် စာဖတ်သူများထံ တင်ဆက်ပေးသည့် သတင်းများ၏ တိကျမှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုကို သေချာစေရန် အလွန်အရေးကြီးကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။
4. မတူကွဲပြားမှုနှင့် ကိုယ်စားပြုမှု
  • မတူကွဲပြားသော အသံများ။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်းမှ မတူညီသော အမြင်များ၊ လူနည်းစု အသိုင်းအဝိုင်းများ၏ အသံများ နှင့် ဒေသအသီးသီးမှ သတင်းများကို ကိုယ်စားပြုသော သတင်းရင်းမြစ် အမျိုးမျိုးကို ထည့်သွင်းရန်ကြိုးစားနေပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ စာဖတ်သူများအတွက် သတင်းအချက်အလက်များကို ဘက်မလိုက်ဘဲ ပြည့်စုံကျယ်ပြန့်စွာ တင်ဆက်ပေးနိုင်မည် ဖြစ်ပါသည်။ အမျိုးမျိုးသော အမြင်များကို တင်ဆက်ပေးခြင်းဖြင့် မြန်မာနိုင်ငံကြုံတွေ့နေရသော ရှုပ်ထွေးသည့် ပြဿနာများကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန်နှင့် ပိုမို အသိပညာပြည့်ဝသော အများပြည်သူ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
5. ပွင့်လင်းမြင်သာမှု
  • ရှင်းလင်းသော အမည်တပ်ခြင်း။ သတင်းတိုင်းတွင် မည်သည့်သတင်းဌာနမှ ထုတ်လွှင့်သည်ကို ရှင်းလင်းစွာ ဖော်ပြပေးမည်ဖြစ်ပြီး စာဖတ်သူများအား ပွင့်လင်းမြင်သာစွာ သတင်းအချက်အလက် ရရှိစေရန် စီစဉ်ထားပါသည်။ ပွင့်လင်းမြင်သာမှုသည် စာဖတ်သူများနှင့် ယုံကြည်မှုတည်ဆောက်ရန် အဓိကကျသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး မိမိတို့ ဖတ်ရှုသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အထောက်အကူပြုမည်ဟုလည်း ယုံကြည်ပါသည်။
  • ရွေးချယ်မှု လုပ်ငန်းစဉ်။ ကျွန်ုပ်တို့၏ သတင်းရွေးချယ်မှုဆိုင်ရာ စံနှုန်းများကို Burma 24 ဝက်ဘ်ဆိုက်တွင် အများပြည်သူ ကြည့်ရှုနိုင်အောင် ထုတ်ပြထားပြီး ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ပါသည်။ သတင်းများ ရွေးချယ်ရာတွင် ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားသော အချက်များကို စာဖတ်သူများ နားလည်သဘောပေါက်စေလိုပြီး ကျွန်ုပ်တို့၏ ရွေးချယ်မှုများအပေါ် တာဝန်ယူမှု ရှိစေလိုပါသည်။
6. တိုးတက်ပြောင်းလဲနေသောစံနှုန်းများ
  • စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ခြင်း။ ကျွန်ုပ်တို့၏ သတင်းရွေးချယ်မှု မူဝါဒကို မီဒီယာလောက၏ ပြောင်းလဲမှုများနှင့် တာဝန်သိသတင်းမီဒီယာ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကောင်းဆုံး အလေ့အကျင့်များနှင့် ကိုက်ညီစေရန် ပုံမှန် ပြန်လည်သုံးသပ်ခြင်း နှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ သတင်းပတ်ဝန်းကျင်သည် အဆက်မပြတ် ပြောင်းလဲနေသည်ကို ကျွန်ုပ်တို့ သိရှိပြီး စာဖတ်သူများကို တတ်နိုင်သမျှ အတိကျဆုံးနှင့် ယုံကြည်စိတ်ချရဆုံး သတင်းများ ပေးအပ်နိုင်ရန် ကျွန်ုပ်တို့၏ မူဝါဒများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန် ကတိကဝတ်ပြုပါသည်။
  • တုံ့ပြန်ချက်များ။ ကျွန်ုပ်တို့၏ သတင်းရွေးချယ်မှု လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ရန် စာဖတ်သူများထံမှ ထောက်ပြဝေဖန်ချက်များကို ကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ ပရိသတ်၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်သော ပလက်ဖောင်းတစ်ခု ဖန်တီးရာတွင် သင်တို့၏ အကြံပြုချက်များသည် အလွန်တန်ဖိုးရှိပါသည်။ (အကြံပြုချက် ပေးပို့ရန်)

Burma 24 အနေဖြင့် ကောင်းမွန်စွာ သတင်းအချက်အလက် ရရှိထားသော ပြည်သူများသည် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် မရှိမဖြစ် အရေးပါသည်ဟု ယုံကြည်ပါသည်။ တိကျမှန်ကန်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာ မူများကို စွဲကိုင်ကာ တင်းကျပ်သော သတင်းရွေးချယ်မှု စံနှုန်းများ ချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် စာဖတ်သူများ ယုံကြည်စိတ်ချစွာ သတင်းများ ဖတ်ရှုနိုင်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အသိဥာဏ်နှင့်ယှဉ်သော ဆုံးဖြတ်ချက်များ ချနိုင်မည့် ပလက်ဖောင်းတစ်ခု ဖန်တီးရန် ရည်မှန်းပါသည်။