သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ထပ်ခါတလဲလဲ ကြားရလေ ပိုယုံလာလေ၊ မှားမှန်းမသိ လွယ်လွယ်လက်ခံလေ

လူသားတို့သည် မကြာခဏ ကြားသိရသော အကြောင်းအရာများကို အမှန်ဟု ယုံကြည်လက်ခံတတ်သည့် သဘောသဘာဝရှိကြပါသည်။ လူတစ်ဦးအား အကြိမ်ကြိမ် လိမ်လည်ပြောဆိုပါက နောက်ဆုံးတွင် ထိုမုသားစကားများကိုပင် အမှန်တကယ်ဖြစ်ရပ်မှန်များအဖြစ် လက်ခံလာတတ်သည်။ ဤသည်မှာ Illusory Truth Effect ဟုခေါ်သော အမှားများကိုပင် မှန်သယောင်ထင်မှားလာစေသည့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခု၏ အခြေခံသဘောတရားဖြစ်သည်။ ဤသဘောတရားသည် သတင်းမှား ဖြန့်ဖြူးသူများနှင့် ဝါဒဖြန့်ချိသူများအတွက် အလွန်အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာပါသည်။

၁၉၇၇ ခုနှစ်တွင် Lynn Hasher, David Goldstein နှင့် Thomas Toppino တို့ ပြုလုပ်ခဲ့သော စမ်းသပ်မှုတစ်ခုသည် မှန်သယောင်ထင်မှားခြင်း အကျိုးသက်ရောက်မှုကို ပထမဆုံး လေ့လာတွေ့ရှိခဲ့သည်။ ကောလိပ်ကျောင်းသား ၄၀ ဦးအား အချက်အလက်ပေါင်း ၆၀ ပါဝင်သည့် စာရင်းတစ်ခုပေးအပ်ပြီးနောက် ထိုအချက်အလက် တစ်ခုချင်းစီအား “မှန်ကန်သည်ဟု ထင်မြင်ပါသလား၊ မှားယွင်းသည်ဟု ထင်မြင်ပါသလား” ဟူ၍ အဆင့်သတ်မှတ်ခိုင်းခဲ့သည်။ ထို အချက်အလက်များသည် ကျောင်းသားများ သေချာစွာ မသိနိုင်သော အကြောင်းအရာများကိုသာ ထည့်သွင်းထားခြင်း ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော်လည်း အမှန်တကယ်ဖြစ်ရန် မလွယ်ကူသည့် အချက်အလက်များ ဖြစ်ကြပါသည်။

ထိုစာရင်းထဲမှ အချက်အလက်အချို့ကို ထပ်ခါတလဲလဲ ပြသခဲ့ပြီး အချို့ကိုမူ တစ်ကြိမ်သာ ပြသပေးခဲ့သည်။ ထို့နောက် ထပ်ခါတလဲလဲ ပြသခဲ့သည့် အချက်အလက်များကို အမှန်ဖြစ်ကြောင်း အဆင့်သတ်မှတ်ကြသည့် ကျောင်းသားဦးရေ ပိုမိုများပြားလာသည်ကို တွေ့ရှိခဲ့ကြသည်။ ဤသည်မှာ လူသားတို့သည် တစ်စုံတစ်ရာကို ထပ်ခါတလဲလဲ မြင်တွေ့၊ ကြားသိရသောအခါ အမှန်တရားဟု ယူဆလာတတ်ကြောင်း ပြသလေသည်။

သတင်းမှား ဖြန့်ဖြူးမှုနှင့် ဝါဒဖြန့်ချိရေး၏ လက်နက်

ဘာသာရေးနှင့် ဆက်စပ်သော လှုံ့ဆော်မှုများသည် Illusory Truth Effect ကို အလွန်အသုံးချနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပေသည်။ လူအများစုသည် ဘာသာရေးကို အလွန်တန်ဖိုးထားပြီး ယုံကြည်ကြသောကြောင့် မိမိတို့၏ ဘာသာရေးယုံကြည်မှုနှင့် ကိုက်ညီသော အချက်အလက်များကို ပိုမိုလွယ်ကူစွာ လက်ခံတတ်ကြသည်။ ထို့အပြင် ဘာသာရေးသည် လူများ၏ စိတ်ခံစားမှုနှင့် အမှတ်သညာ (identity) နှင့် နက်ရှိုင်းစွာ ဆက်စပ်နေသောကြောင့် ဘာသာရေးနှင့် ဆက်စပ်သော သတင်းအချက်အလက်များကို ပိုမို အာရုံစိုက် လက်ခံတတ်ကြပါသည်။

အခြားဥပမာတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ နအဖ စစ်အစိုးရ လက်ထက်တွင် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတစ်ဆင့် “မိုးလုံးပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်။ BBC ညာနေသည်။ VOA လိမ်နေသည်။ RFA ရန်တိုက်ပေးနေသည်။ အဲဒီ ကုန်းချောသွေးထိုးသူများ မယုံလေနှင့် သတိထား” ဆိုသည့် ဝါဒဖြန့်မှုများကို နေ့စဉ်ရက်ဆက် ကြားခဲ့ရသည်။ ဤကဲ့သို့ ထပ်ခါတလဲလဲ ကြားသိနေခြင်းသည် Illusory Truth Effect ကို ဖြစ်ပေါ်စေပြီး ပြည်သူအချို့၏ သတင်းအမှန်အမှား ခွဲခြားသိမြင်နိုင်စွမ်းကို ထိခိုက်စေခဲ့ပါသည်။

ထို့ကြောင့် လူမှုကွန်ရက်များပေါ်တွင်ပင် မမှန်ကန်သော သတင်းအချက်အလက်များကို လူအများက ယုံကြည်လက်ခံမှု မြင့်မားလာပါသည်။ အထူးသဖြင့် တစ်ခုတည်းသော သတင်းအရင်းအမြစ်ကိုသာ အားကိုးအားထားပြုသောအခါ သို့မဟုတ် မိမိတို့၏ အမြင်နှင့် ကိုက်ညီသည့် သတင်းအချက်အလက်များကိုသာ ထပ်ခါတလဲလဲ မြင်တွေ့ရသောအခါ သတင်းမှားများကို စစ်ဆေးခြင်း အလွန်ပင် ခက်ခဲလာပေသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မိမိတို့၏ လုပ်ရပ်ကို မဲစာရင်း မသမာမှုကြောင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပါသည်။ ဤသို့ ခိုင်လုံသော သက်သေ အထောက်အထား မရှိသော်လည်း ထပ်ခါတလဲလဲ ကြားသိရသောကြောင့် ပြည်သူအချို့က အမှန်တကယ်ဟု ယုံကြည်လက်ခံလာနိုင်ပါသည်။

စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများအား အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကာ ၎င်းတို့၏ မီဒီယာများမှတစ်ဆင့် ဆက်တိုက် ပြောဆိုဖော်ပြလျက်ရှိသည်။ ထို့ကြောင့် ပြည်သူအချို့သည် တော်လှန်ရေး အင်အားစုများအား အကြမ်းဖက်သမားများဟု မြင်လာတတ်ကြပါသည်။

စစ်ကောင်စီသည် မိမိတို့ လုပ်ရပ်များကို ပုံဖျက်ဖော်ပြခြင်း၊ အပြစ်များကို တော်လှန်ရေး အင်အားစုများအပေါ်သို့ လွှဲချခြင်းများ ပြုလုပ်လေ့ရှိသည်။ ဤကဲ့သို့ သတင်းမှားများကို ထပ်ခါတလဲလဲ ကြားသိရသောအခါ ပြည်သူများသည် စစ်ကောင်စီ၏ ရက်စက်မှုများကို မေ့လျော့ကာ လက်ခံလာတတ်ကြပါသည်။

ဤသို့ ဝါဒဖြန့်ချိရေးသည် ပြည်သူအားလုံးအပေါ် တစ်ပြေးညီ သက်ရောက်သည်ဟု ဆိုရန် မလွယ်ကူပါ။ သို့ရာတွင် အင်တာနက် အသုံးပြုမှုနည်းပါးသူများ၊ ပညာရေး အခြေအနေ နိမ့်ကျသူများ သို့မဟုတ် သတင်းအချက်အလက်များကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်း နည်းပါးသူများအပေါ်တွင် ပိုမို သက်ရောက်မှု ရှိနိုင်ပါသည်။

“ထိရောက်မှုရှိသော အကြိမ်ရေ” ဟူသော စျေးကွက်ရှာဖွေရေး အသုံးအနှုန်းသည် သုံးစွဲသူတစ်ဦးသည် ကြော်ငြာတစ်ခု၏ အဓိကအကြောင်းအရာကို နားလည်သဘောပေါက်ရန် အကြိမ်ပေါင်းများစွာ မြင်တွေ့ သို့မဟုတ် ကြားသိရန် လိုအပ်သည်ဟူသော အယူအဆပင် ဖြစ်ပေသည်။ အဓိကအားဖြင့် တစ်စုံတစ်ရာကို များများပြောလေလေ၊ လူတို့၏ စိတ်တွင်း၌ စွဲမြဲလေလေ ဖြစ်ပေသည်။ အမှန်တကယ် မှန်ကန်ရန်ပင် မလိုအပ်ပေ။ ဤသည်ပင် ပြဿနာ ဖြစ်ပေသည်။

အဆုံးမရှိ ထပ်ခါတလဲလဲ ပြောဆိုမှု မရှိသော်ငြား ကျွန်ုပ်တို့ ကြားသိရသည်များကို မေးခွန်းထုတ်ခြင်းထက် ယုံကြည်လက်ခံရန် ပိုမို လွယ်ကူတတ်ပါသည်။ ဤသည်မှာ နောက်ထပ် စိတ်ပညာ သဘောတရားတစ်ခုဖြစ်သော “အတည်ပြုလိုမှု ဘက်လိုက်ခြင်း” (confirmation bias) ကြောင့် ဖြစ်ပေသည်။ တနည်းအားဖြင့် မိမိအမြင်နှင့် ကိုက်ညီသော အချက်အလက်များကိုသာ လက်ခံခြင်းဖြစ်သည်။

“Confirmation Bias” ဆိုသည်မှာ လူတစ်ဦးသည် မိမိ၏ ယခင် သဘောထား သို့မဟုတ် အယူအဆကို ထောက်ခံသည့် အချက်အလက်များကိုသာ ရှာဖွေရယူလေ့ရှိသည့် လူသားသဘာဝကို ရည်ညွှန်းသော စိတ်ပညာဆိုင်ရာ အသုံးအနှုန်း တစ်ခု ဖြစ်ပါသည်။

ဤသဘောထားကြောင့် သင်သည် မူလ သဘောထားကိုသာ ပိုမို ဘက်လိုက်လာနိုင်သည်။ အကြောင်းမှာ သင်သည် တစ်ဖက်သတ် အချက်အလက်များကိုသာ ရှာဖွေပါက ထိုအယူအဆကိုသာ ပံ့ပိုးသည့် အချက်အလက်များကိုသာ တွေ့ရှိနိုင်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဝါဒဖြန့်ချိရေးနှင့် Confirmation Bias ၏ အပြန်အလှန် ခိုင်မာစေမှု

Confirmation Bias သည် ဝါဒဖြန့်ချိရေး၏ အစွမ်းသတ္တိကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။ လူတစ်ဦးချင်းစီသည် မိမိတို့၏ ယုံကြည်ချက်၊ တန်ဖိုးထားမှုများနှင့် ကိုက်ညီသော အချက်အလက်များကိုသာ ရှာဖွေလက်ခံလေ့ ရှိကြသည်။ ထို့ကြောင့် ဝါဒဖြန့်ချိသူများသည် လူအများ၏ ယခင် ယုံကြည်ချက်များနှင့် ကိုက်ညီသော သတင်းမှားများ၊ ဘက်လိုက်သော အချက်အလက်များကို ထပ်ခါတလဲလဲ ဖြန့်ဝေခြင်းဖြင့် လူတို့၏ အမြင်ကို ပိုမို ခိုင်မြဲစေပြီး ၎င်းတို့၏ ဝါဒဖြန့်ချိရေးကို အောင်မြင်စေနိုင်ပါသည်။

မြန်မာ့ စစ်တပ်၏ ဝါဒဖြန့်ချိမှုများနှင့် စစ်တပ်ထောက်ခံသူများ

မြန်မာနိုင်ငံတွင် စစ်တပ်သည် ၎င်းတို့ကိုယ်ကို တရားမျှတပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သူများ အဖြစ် ပုံဖော်ကာ ဆန့်ကျင်သူများကိုမူ နိုင်ငံတော် သစ္စာဖောက်များ၊ အကြမ်းဖက်သမားများ အဖြစ် သတင်းမှားများ ဖြန့်ဝေလေ့ရှိသည်။ ဤကဲ့သို့သော ပြောဆိုချက်များသည် စစ်တပ်ကို ထောက်ခံသူများအပေါ် အစဉ်တစိုက် မပြောင်းလဲသော အမြင်များ ရှိနေစေရန် အားပေးသည့် သဘောဆောင်ပါသည်။

ဘက်လိုက်မှု ခိုင်မာစေခြင်း (Reinforcing Bias)

စစ်တပ်ကို ထောက်ခံသူများသည် စစ်တပ်၏ လုပ်ရပ်များကို အပြုသဘောဖြင့် ရှုမြင်လေ့ ရှိပြီး ဆန့်ကျင်သူများကိုမူ အပျက်သဘောဖြင့် ရှုမြင်တတ်ကြသည်။ ထိုအခါ စစ်တပ်၏ ဝါဒဖြန့်ချိရေး သတင်းများသည် ၎င်းတို့၏ ယခင် ယုံကြည်ချက်များနှင့် ကိုက်ညီသောကြောင့် ၎င်းတို့အား ပိုမို လက်ခံလာစေပြီး ၎င်းတို့၏ ဘက်လိုက်မှုကို ပိုမို ခိုင်မာစေပါသည်။

ဆန့်ကျင်ဘက် အမြင်များကို ပယ်ချခြင်း (Rejecting Opposing Views)

Confirmation Bias ကြောင့် စစ်တပ်ထောက်ခံသူများသည် စစ်တပ်၏ လုပ်ရပ်များကို ဝေဖန်သော သို့မဟုတ် ဆန့်ကျင်သော သတင်းအချက်အလက်များကို လက်မခံလို ဖြစ်တတ်ကြသည်။ ၎င်းတို့သည် ထိုသတင်းများကို လျစ်လျူရှုခြင်း၊ ပယ်ချခြင်း သို့မဟုတ် ၎င်းတို့၏ ယုံကြည်ချက်နှင့် ကိုက်ညီအောင် ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုခြင်း ပြုလုပ်တတ်ကြသည်။

သတင်းအမှန် ရှာဖွေရန် ခက်ခဲခြင်း (Difficulty in Seeking Truth)

ဝါဒဖြန့်ချိရေးများကြောင့် လူများသည် အမှန်တရားကို ရှာဖွေရန် ပိုမိုခက်ခဲလာသည်။ ၎င်းတို့သည် မိမိတို့၏ ယုံကြည်ချက်နှင့် ကိုက်ညီသော သတင်းအချက်အလက်များကိုသာ ရှာဖွေကြသောကြောင့် ဘက်မလိုက်သော သတင်းရင်းမြစ်များကို ရှာဖွေဖတ်ရှုရန် ပျက်ကွက်တတ်ကြသည်။

သတင်းမီဒီယာအပေါ် ယုံကြည်မှု ပျက်ပြားခြင်း

စစ်တပ်၏ ဝါဒဖြန့်ချိရေးများသည် သတင်းမီဒီယာများအပေါ် ယုံကြည်မှုကို ပျက်ပြားစေသည်။ လူများသည် မည်သည့်သတင်းကိုမျှ မယုံကြည်တော့ဘဲ သတင်းအချက်အလက်များကို သံသယဖြင့် ရှုမြင်လာနိုင်သည်။

ဤသဘောတရားများသည် အမှန်တရားကို ဖုံးကွယ်ကာ လူများအား မှားယွင်းစွာ ဦးတည်စေနိုင်သည်။ လူများသည် မှားယွင်းသော အချက်အလက်များကို အမှန်ဟု ယုံကြည်လက်ခံလာပါက ၎င်းတို့၏ ဆုံးဖြတ်ချက်များသည်လည်း မှားယွင်းလာနိုင်သည်။ ၎င်းသည် လူမှုရေး ပြဿနာများ၊ နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုများကိုပင် ဖြစ်ပေါ်စေနိုင်ပါသည်။

အမှန်တရားဆီသို့ ကျော်လွှားခြင်း

Illusory Truth Effect နှင့် Confirmation Bias တို့သည် ကျွန်ုပ်တို့၏ သတင်းအချက်အလက်များ စီစစ်သုံးသပ်ပုံနှင့် ဆုံးဖြတ်ချက်များ ချမှတ်ပုံတို့အပေါ် သိသိသာသာ လွှမ်းမိုးနိုင်သော အစွမ်းထက်သည့် စိတ်ပိုင်းဆိုင်ရာ သဘောတရားများ ဖြစ်ကြပါသည်။ ဤသဘောတရားများကို ကျွန်ုပ်တို့ မသိမမြင် လက်ခံခြင်းဖြင့် သတင်းမှားများ၊ ဝါဒဖြန့်ချိရေးများ၏ သားကောင် ဖြစ်လာနိုင်ပြီး မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်မိစေနိုင်ပါသည်။

သို့သော် ကျွန်ုပ်တို့တွင် ဤသဘောတရားများကို တွန်းလှန်နိုင်သည့် စွမ်းအား ရှိပါသည်။ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုကို အသုံးပြုခြင်း၊ သတင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်း၊ မတူညီသော အမြင်များကို ရှာဖွေလေ့လာခြင်းနှင့် မီဒီယာ အသိဉာဏ် ဗဟုသုတကို မြှင့်တင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဤအစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ သဘောတရားနှစ်ခု၏ လွှမ်းမိုးမှုကို လျော့ကျစေပြီး အမှန်တရားကို ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။

မီဒီယာ အသိဉာဏ်သည် ယနေ့ခေတ်တွင် မရှိမဖြစ် လိုအပ်သော အရည်အချင်းတစ်ခု ဖြစ်လာပြီး ၎င်းကို ကျွမ်းကျင်အသုံးချခြင်းဖြင့် ကျွန်ုပ်တို့သည် ပိုမို အသိဥာဏ်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပြီး သတင်းအချက်အလက် ပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။

မာတိကာ

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။

ဓာတ်ပုံရိုက်ကူးခြင်း နည်းစနစ်များ

1. ကောင်းမွန်သော ဓာတ်ပုံတစ်ပုံအတွက် အခြေခံအစိတ်အပိုင်းများ
2. မတူညီသော ရိုက်ချက်များ (Wide Shot, Medium Shot, Close-up) နှင့် ၎င်းတို့၏ အသုံးပြုပုံ
3. လှုပ်ရှားနေသော အရာဝတ္ထုများကို ရိုက်ကူးနည်းများ (Panning, Freezing Action)
4. လူများကို ဓာတ်ပုံရိုက်ရာတွင် သတိပြုရမည့် အချက်များ
5. သတင်းဓာတ်ပုံ ပုံစာရေးသားနည်းများ (Photo Caption)

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။