သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

သတင်းအချက်အလက် လွန်ကဲနေချိန်မှာ သတင်းရင်းမြစ်များရဲ့ အရေးပါမှု

ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ သတင်းအချက်အလက်တွေနဲ့ ဝန်းရံနေရပါတယ်။ အရင်တုန်းကလို သတ်မှတ်ချိန်မှာ ရုပ်မြင်သံကြားက သတင်းစောင့်ကြည့်ရတာမျိုး၊ နောက်နေ့မနက် သတင်းစာဖတ်ရတာမျိုးတောင် မဟုတ်တော့ပါဘူး။ နေ့တိုင်း စက္ကန့်တိုင်းမှာ ကျွန်ုပ်တို့ရဲ့ ဖုန်းတွေ၊ ဆိုရှယ်မီဒီယာတွေ၊ အီးမေးလ်တွေဆီ သတင်းတွေ အဆက်မပြတ် ၀င်လာနေပါတယ်။ သတင်းခေါင်းစဉ်တွေကို အဆုံးမရှိ scroll လုပ်ရင်း ဒီသတင်းတွေ ဘယ်ကလာတယ်ဆိုတာကိုတောင် မသိလိုက်တဲ့အချိန်တွေ ရှိပါတယ်။ လူအတော်များများအတွက် သတင်းရင်းမြစ်က အရေးမကြီးသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ အချက်အလက်တွေက အမှန်တရားတွေလိုပဲ မြန်မြန်ပျံ့နှံ့နိုင်တဲ့ ခေတ်ကြီးမှာ သတင်းရင်းမြစ်က အရင်ကထက် ပိုပြီးအရေးပါလာပါတယ်။

ကျွန်ုပ်တို့ရရှိနေ တဲ့သတင်းတွေ ဘယ်ကလာတယ်ဆိုတာကို အရေးစိုက်မိဖို့ လိုပါတယ်။ သတင်းက သူငယ်ချင်းရဲ့ ဖေ့စ်ဘုတ်ပို့စ်ကလာလာ၊ တစ်ခါမှ မကြားဖူးတဲ့ ဝက်ဘ်ဆိုက်က ခေါင်းစဉ်ကြီးကြီးနဲ့ လာလာ သိပ်အရေးမစိုက်မိကြပါဘူး။ ဒါပေမဲ့ အခု သတင်းအားလုံးက အတူတူဖြစ်မနေဘူးဆိုတာနဲ့ အမှန်တရားကို နားလည်ဖို့အတွက် သတင်းရင်းမြစ်ကို နားလည်ဖို့က အရေးကြီးတယ်ဆိုတာ သဘောပေါက်ရပါမယ်။  ယုံကြည်စိတ်ချရတဲ့၊ ဘက်မလိုက်တဲ့၊ ကျယ်ကျယ်ပြန့်ပြန့် သတင်းရင်းမြစ်တွေ ရှာဖွေဖို့ အာရုံစိုက်ရပါမယ်။ ဒီဆောင်းပါးမှာ သတင်းရင်းမြစ်တွေကို အရေးစိုက်ဖို့ အရေးကြီးတဲ့ အကြောင်းအရင်းနဲ့ တစ်နေရာတည်းကိုပဲ မှီခိုမနေဘဲ ခေတ်သစ် သတင်းလောကကြီးကို ဘယ်လို ရှေ့ဆက်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လူတွေ ဘာကြောင့် သတင်းရင်းမြစ်ကို အရေးမစိုက်ကြတော့တာလဲ

ဒီနေ့ခေတ်မှာ လူတွေက သူတို့ရဲ့ သတင်းတွေ ဘယ်ကလာတယ်ဆိုတာကို သိပ်အရေးမစိုက်ကြတော့တာ အကြောင်းအရင်း အများကြီး ရှိပါတယ်။ အဓိကအကြောင်းအရင်းတစ်ခုကတော့ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ရဲ့ အဆင်ပြေလွန်းတာပါပဲ။ လူတွေဟာ သတင်းအရင်းအမြစ် အမျိုးမျိုးကနေ – ဆိုရှယ်မီဒီယာ၊ ဘလော့ဂ်၊ ဝက်ဘ်ဆိုက်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေဆီကတောင် သတင်းတွေ အဆက်မပြတ် ရနေပါတယ်။ နေ့စဉ်ဘ၀ရဲ့ အလုပ်များမှုကြောင့် သတင်းခေါင်းစဉ်တွေကို အမြန်ဖတ်ပြီး ကျော်သွားချင်တဲ့ စိတ်က သတင်းရင်းမြစ်ကို အရေးမကြီးသလို ဖြစ်စေပါတယ်။ ခေါင်းစဉ်က ဆွဲဆောင်မှု ရှိရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနကလား၊ ဘယ်သူမှန်းမသိတဲ့ ဘလော့ဂ်ကလား စစ်ဆေးမနေဘဲ မျှဝေတတ်ကြပါတယ်။

နောက်အကြောင်းအရင်းတစ်ခုကတော့ ရိုးရာမီဒီယာတွေအပေါ် ယုံကြည်မှု လျော့နည်းလာတာပါ။ နိုင်ငံရေး အပြုသဘောဆောင်တာ၊ သတင်းတွေကို ချဲ့ကားတာ၊ ၂၄ နာရီ သတင်းထုတ်ပြန်တာတွေကြောင့် လူအတော်များများက အဓိက သတင်းဌာနတွေကို သံသယ၀င်လာကြပါတယ်။ ရလဒ်အနေနဲ့ တချို့က တခြားသတင်းရင်းမြစ်တွေကို လှည့်ကြပေမယ့် အဲဒီရင်းမြစ်တွေရဲ့ ယုံကြည်စိတ်ချရမှုကို မစစ်ဆေးကြပါဘူး။ ကိုယ်ရဲ့ ယုံကြည်ချက်၊ နိုင်ငံရေး ရပ်တည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းကို လိုချင်တဲ့ ဆန္ဒကလည်း ဘက်မလိုက်၊ အချက်အလက်မှန် သတင်းပေးပို့မှုရဲ့ အရေးပါမှုကို မမြင်အောင် ဖုံးကွယ်ထားနိုင်ပါတယ်။

သတင်းရင်းမြစ်တစ်ခုတည်းကိုပဲ မှီခိုရခြင်းရဲ့ အန္တရာယ်

သတင်းရင်းမြစ်တစ်ခုတည်းကိုပဲ မှီခိုတာက ပြဿနာရှိနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သတင်းဌာနတစ်ခုတည်းက ကိစ္စတစ်ခုရဲ့ ရှုပ်ထွေးမှုတစ်ခုလုံးကို ဖမ်းယူပြီး တင်ပြနိုင်မှာ မဟုတ်လို့ပါ။ သတင်းဌာနတိုင်းမှာ ဘယ်လောက်ပဲ နာမည်ကောင်းကောင်း သူ့ရဲ့ အမြင်၊ ဦးစားပေးမှုတွေ၊ ဘက်လိုက်မှုတွေ ရှိနိုင်ပါတယ်။ တချို့က နိုင်ငံရေးအရ တစ်ဖက်ကို ယိမ်းကောင်း ယိမ်းနိုင်သလို၊ တချို့ကျ တခြားသတင်းတွေထက် သတင်းတစ်မျိုးကို ဦးစားပေး တင်ပြကောင်း တင်ပြနိုင်ပါတယ်။ သတင်းရင်းမြစ်တစ်ခုတည်းကိုပဲ မှီခိုရင် ကမ္ဘာမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို နားလည်မှုကျဉ်းမြောင်းသွားစေနိုင်သလို အဖြစ်အပျက်တွေကို မှားယွင်းစွာ နားလည်မှုတွေပါ ဖြစ်စေနိုင်ပါတယ်။

ထပ်ပြီး သတင်းရင်းမြစ်တစ်ခုတည်းကိုပဲ မှီခိုရင် “echo chambers” လို့ ခေါ်တဲ့ ပြဿနာမျိုး ဖြစ်လာနိုင်ပါတယ်။ Echo chamber ဆိုတာ လူတစ်ယောက်ဟာ သူ့ရဲ့ ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းအချက်အလက်တွေ၊ ထင်မြင်ယူဆချက်တွေကိုပဲ ကြုံတွေ့နေရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ယုံကြည်ချက်တွေကို ပိုပြီးခိုင်မာစေပြီး တခြားအမြင်တွေကို စဉ်းစား နားလည်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ ဒီလိုအခြေအနေမျိုးက လက်တွေ့ဘ၀ကို မှားယွင်းစွာ မြင်တွေ့မှုတွေ ဖြစ်စေနိုင်သလို တခြားသူတွေနဲ့ အဓိပ္ပါယ်ရှိရှိ ဆွေးနွေး နားလည်မှုတွေကိုလည်း ပိတ်ပင်တားဆီးနိုင်ပါတယ်။

ကိုယ့်သတင်းရဲ့ ရင်းမြစ်ကို သိဖို့ အရေးကြီးတဲ့အကြောင်း

ကိုယ့်သတင်းရဲ့ ရင်းမြစ်ကို နားလည်ဖို့က အရေးကြီးတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

  • တိကျမှုနဲ့ ယုံကြည်စိတ်ချရမှု။ သတင်းရင်းမြစ်တိုင်းမှာ သတင်းစာပညာအရ လိုက်နာရမယ့် စံနှုန်းတွေ အတူတူ မရှိပါဘူး။ နာမည်ကြီး သတင်းဌာနတွေက သတင်းအချက်အလက်တွေကို အတည်ပြုဖို့၊ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ရှင်းလင်းဖို့၊ တရားမျှတစွာ သတင်းပေးပို့ဖို့ တာဝန်ရှိပါတယ်။ တာဝန်မဲ့ သတင်းရင်းမြစ်တွေကတော့ မှားယွင်းတဲ့ အချက်အလက်တွေ ဖြန့်ဝေတတ်သလို၊ သတင်းတွေကို ချဲ့ကားတင်ပြတတ်သလို တစ်ဖက်သတ် အမြင်တွေကိုပဲ တင်ပြတတ်ပါတယ်။ ကိုယ့်သတင်းရဲ့ ရင်းမြစ်ကို သိရင် သတင်းရဲ့ ယုံကြည်စိတ်ချရမှုနဲ့ တိကျမှုကို ပိုပြီး ဆန်းစစ်နိုင်ပါတယ်။

  • ဘက်လိုက်မှုနဲ့ အမြင်။ သတင်းဌာနတိုင်းမှာ သူ့ရဲ့ အယ်ဒီတာ့အာဘော် ရပ်တည်ချက် ရှိပါတယ်။ တချို့က ရှေးရိုးစွဲ ဖြစ်ကောင်း ဖြစ်မယ်၊ တချို့က လစ်ဘရယ် ဖြစ်ကောင်း ဖြစ်မယ်၊ တချို့ကျ တခြားအကြောင်းအရာတွေထက် အကြောင်းအရာ တစ်ခုခုကို ဦးစားပေး တင်ပြကောင်း တင်ပြနိုင်ပါတယ်။ သတင်းရင်းမြစ်ကို သိရင် ဖြစ်နိုင်ချေရှိတဲ့ ဘက်လိုက်မှုတွေကို သိရှိနိုင်ပြီး တခြားအမြင်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ဒါက ကိစ္စရပ်တွေကို ပိုပြီး ဟန်ချက်ညီညီနဲ့ အဓိပ္ပါယ် ပိုရှိရှိ နားလည်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

  • တာဝန်ယူမှု။ နာမည်ကြီး သတင်းဌာနတွေက သူတို့ရဲ့ နာမည်ကို ထိန်းသိမ်းထားရမှာ ဖြစ်တဲ့အတွက် မှားယွင်းမှုတွေကို ပြင်ဆင်ဖို့၊ သတင်းမှား တင်ပြမှုအတွက် တာဝန်ယူဖို့ ပိုဖြစ်နိုင်ချေ များပါတယ်။ သိပ်မသိကြတဲ့ သတင်းရင်းမြစ်တွေကတော့ အဲဒီလို စံနှုန်းမျိုး မရှိတတ်သလို ပွင့်လင်းမြင်သာမှုနည်းနည်းနဲ့ပဲ လုပ်ကိုင်တတ်ပါတယ်။ ကိုယ့်သတင်းရဲ့ ရင်းမြစ်ကို သိရင် သတင်းဌာနက သူ့ရဲ့ သတင်းပေးပို့မှုအတွက် တာဝန်ယူမှု ရှိမရှိ သိနိုင်ပါတယ်။

  • ကမ္ဘာလုံးဆိုင်ရာ အမြင်။ သတင်းရင်းမြစ် အမျိုးမျိုးကို အားကိုးတာက ကမ္ဘာလုံးဆိုင်ရာ အမြင်တွေကိုလည်း သိရှိစေပါတယ်။ တစ်နိုင်ငံမှာ တစ်မျိုး ဖော်ပြတဲ့ သတင်းကိစ္စတစ်ခုကို တခြားနိုင်ငံမှာတော့ တစ်မျိုး ဖော်ပြနိုင်ပါတယ်။ နိုင်ငံတကာ သတင်းဌာနတွေဆီက သတင်းရှာဖွေခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်တွေနဲ့ ကမ္ဘာရဲ့ တခြားဒေသတွေကို ဘယ်လို အကျိုးသက်ရောက်လဲဆိုတာကို ပိုပြီး နားလည်နိုင်မှာ ဖြစ်ပါတယ်။

ခေတ်သစ် သတင်းလောကကြီးကို ဘယ်လို ရှေ့ဆက်မလဲ

ဒီဂျစ်တယ်ခေတ်မှာ သတင်းရဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဓိက စိန်ခေါ်မှုကတော့ ယုံကြည်စိတ်ချရတဲ့၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တဲ့၊ အချက်အလက်ပြည့်ဝတဲ့ သတင်းရင်းမြစ်တွေကို ရှာဖွေဖို့ပါပဲ။ တစ်နေရာတည်းကိုပဲ မမှီခိုဘဲ ခေတ်သစ် သတင်းလောကကြီးကို ရှေ့ဆက်ဖို့ နည်းဗျူဟာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သတင်းရင်းမြစ်တွေကို ကွဲပြားစွာ ရှာဖွေပါ

သတင်းအကြောင်းအရာတွေကို ကောင်းကောင်း သိနေဖို့ အဓိကက သတင်းရယူတဲ့နေရာကို ကွဲပြားအောင် လုပ်ဖို့ပါပဲ။ သတင်းအချက်အလက်အားလုံးအတွက် သတင်းဌာနတစ်ခုတည်းကိုပဲ အားမကိုးပါနဲ့။ ကိုယ့်နိုင်ငံတွင်းမှာရော၊ ကမ္ဘာမှာပါ အမြင်အမျိုးမျိုးကို ကိုယ်စားပြုတဲ့ သတင်းရင်းမြစ် အမျိုးမျိုးကို ရှာဖွေပါ။ အဓိက သတင်းဌာနတွေ၊ တခြားသတင်းရင်းမြစ်တွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အားလုံးက အမြင်မတူတာတွေ ပေးစွမ်းနိုင်ပါတယ်။ နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ The New York Times, BBC, Reuters, Al Jazeera, The Guardian တွေကို သီးခြားအကြောင်းအရာ ဒါမှမဟုတ် ဒေသတစ်ခုကို အာရုံစိုက်တဲ့ သတင်းဌာနတွေနဲ့ တွဲဖက်ဖတ်ရှုခြင်းအားဖြင့် အဖြစ်အပျက်တွေရဲ့ အမြင်ကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ သတင်းအချက်အလက်တွေကို တိုက်စစ်ပါ

အရေးကြီးတဲ့ သတင်းတစ်ပုဒ် တွေ့ရင် သတင်းရင်းမြစ် အများကြီးမှာ တိုက်စစ်ကြည့်ဖို့ အချိန်ယူပါ။ သတင်းတစ်ပုဒ်ကို သတင်းဌာနတစ်ခုတည်းကပဲ တင်ပြနေတယ်ဆိုရင် သတင်းရဲ့ တိကျမှုကို မေးခွန်းထုတ်သင့်ပါတယ်။ နာမည်ကြီး သတင်းဌာန အများကြီးက အလားတူ အချက်အလက်တွေနဲ့ တင်ပြနေတယ်ဆိုရင်တော့ တိကျမှု ပိုရှိနိုင်ပါတယ်။

၃။ မူရင်းသတင်း ရှာဖွေဖတ်ရှုပါ

မူရင်းသတင်း ဖော်ပြမှုက သတင်းဌာနတစ်ခုအနေနဲ့ သတင်းတစ်ပုဒ်ကို စုံစမ်းဖော်ထုတ်ဖို့ အချိန်နဲ့ အရင်းအမြစ်တွေ သုံးစွဲခဲ့တယ်ဆိုတာကို ပြသပါတယ်။ တိကျတဲ့ ရင်းမြစ်တွေကို ကိုးကားထားတဲ့၊ ကျွမ်းကျင်သူတွေရဲ့ ပြောစကားတွေ ပါဝင်တဲ့၊ သူတို့ရဲ့ အချက်အလက်တွေအတွက် သက်သေအထောက်အထား ပေးတဲ့ ဆောင်းပါးတွေကို ရှာဖွေဖတ်ရှုပါ။ အထောက်အထားမပါဘဲ တခြားသူတွေရဲ့ အကြောင်းအရာကို ပြန်လည်အသုံးပြုထားတာမျိုး၊ ထင်မြင်ချက် ဆောင်းပါးမျိုးတွေကိုအဓိကထားတဲ့ သတင်းဌာနတွေကို ရှောင်ပါ။

၄။ စီးပွားရေးပုံစံကို နားလည်ပါ

သတင်းဌာနတစ်ခု ဘယ်လို ရန်ပုံငွေ ရှာထားလဲဆိုတာ စဉ်းစားဖို့လည်း အရေးကြီးပါတယ်။ တချို့ သတင်းဌာနတွေက စာရင်းသွင်းသူတွေအပေါ် မှီခိုပြီး တချို့က ကြော်ငြာတွေအပေါ် မှီခိုသလို တချို့ကျ လှူဒါန်းသူတွေရဲ့ ရန်ပုံငွေအပေါ် မှီခိုပါတယ်။ သူတို့ရဲ့ စီးပွားရေးပုံစံကို နားလည်တာက ဖြစ်နိုင်ချေရှိတဲ့ ဘက်လိုက်မှုတွေ၊ အကျိုးစီးပွားပဋိပက္ခတွေကို ထိုးထွင်းသိမြင်စေနိုင်ပါတယ်။ ဥပမာ – ကော်ပိုရိတ်လုပ်ငန်းစုကြီးတွေရဲ့ ရန်ပုံငွေနဲ့ လည်ပတ်တဲ့ သတင်းဌာနတစ်ခုက အဲဒီလုပ်ငန်းစုတွေအကြောင်း ဆိုးဆိုးဝါးဝါး ရေးသားဖော်ပြဖို့ ဖြစ်နိုင်ချေနည်းပါတယ်။

၅။ Algorithms တွေကို သတိထားပါ

ဆိုရှယ်မီဒီယာ algorithms တွေက သင့်ရဲ့ အရင်အပြုအမူတွေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို ပြဖို့ ဖန်တီးထားတာပါ။ ဒါကြောင့် သတိမထားရင် ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ မြင်နေရတဲ့ filter bubble[1] ထဲ ရောက်သွားနိုင်ပါတယ်။ ဒီအချက်ကို သတိထားပြီး တမင်တကာ ဆန့်ကျင်ဘက် အမြင်တွေကို ရှာဖွေဖတ်ရှုပါ။ ဖေ့စ်ဘုတ်၊ တွစ်တာလိုမျိုး ပလက်ဖောင်းတချို့မှာ သတင်းဌာန အမျိုးမျိုးကို follow လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ news feed ကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။

၆။ လွတ်လပ်သော သတင်းမီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံပါ

လွတ်လပ်တဲ့ သတင်းမီဒီယာတွေက အဓိက သတင်းမီဒီယာတွေက အာရုံမစိုက်တဲ့ သတင်းတွေကို ဖော်ထုတ်တင်ပြရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီလို သတင်းဌာနတွေက စုံစမ်းဖော်ထုတ်တဲ့ သတင်းတွေကို ပိုပြီး အာရုံစိုက် တင်ပြတတ်ပြီး ကြီးမားတဲ့ သတင်းဌာနတွေ လျစ်လျူရှုထားတဲ့ ကိစ္စတွေကို ထိုးထွင်း သိမြင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ လွတ်လပ်တဲ့ သတင်းဌာနတွေက အဓိက သတင်းကွန်ရက်တွေလောက် လူမရောက်နိုင်ပေမယ့် ရှုပ်ထွေးတဲ့ ဒါမှမဟုတ် သိပ်မဖော်ပြကြတဲ့ အကြောင်းအရာတွေကို နားလည်ဖို့ သူတို့ရဲ့ လုပ်ဆောင်မှုတွေက အရမ်းကို အဖိုးတန်ပါတယ်။

 ဒီနေ့ခေတ်မှာ ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေ အများကြီးကြောင့် မချိမဆန့် ဖြစ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ သတင်းအကြောင်းအရာတွေကို ကောင်းကောင်း သိနေချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ သတင်းတွေ ဘယ်ကလာတယ်ဆိုတာကို အရေးစိုက်ဖို့ အရေးကြီးပါတယ်။ သတင်းရင်းမြစ်တစ်ခုတည်းကိုပဲ အားကိုးတာ၊ ဆိုရှယ်မီဒီယာပေါ်မှာ ကြုံရာ သတင်းမှန်သမျှကို မျက်စိမှိတ် ယုံကြည်တာက မှားယွင်းတဲ့ အချက်အလက်တွေ၊ ဘက်လိုက်မှုတွေနဲ့ ကမ္ဘာကြီးအပေါ် ကျဉ်းမြောင်းတဲ့ နားလည်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ သတင်းရင်းမြစ်တွေကို ကွဲပြားအောင် ရှာဖွေခြင်း၊ သတင်းအချက်အလက်တွေကို တိုက်စစ်ခြင်း၊ ကျွန်ုပ်တို့ စောင့်ကြည့်တဲ့ သတင်းဌာနတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ အမြင်ကို အာရုံစိုက်ခြင်းအားဖြင့် ပိုပြီး ဗဟုသုတ ရှိတဲ့ နိုင်ငံသားတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အသိပညာက သြဇာအာဏာပါပဲ၊ အဲဒီအသိပညာ ဘယ်ကလာလဲဆိုတာက အရေးကြီးပါတယ်။

  1. Filter bubble ဆိုတာ လူတစ်ယောက်ဟာ သူ့ရဲ့ယုံကြည်ချက်၊ အမြင်နဲ့ ကိုက်ညီတဲ့ သတင်းအချက်အလက်တွေ၊ အမြင်တွေကိုပဲ ကြုံတွေ့နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေနဲ့ ရှာဖွေရေးအင်ဂျင်တွေက အသုံးပြုတဲ့ algorithms တွေကြောင့် ဖြစ်ရတာ များပါတယ်။ ဒီ algorithms တွေက သုံးစွဲသူရဲ့ အရင်က အပြုအမူတွေ၊ ဥပမာ – ဘာတွေကို နှိပ်ဖူးလဲ၊ like လုပ်ဖူးလဲ၊ share လုပ်ဖူးလဲ ဆိုတာတွေကို အခြေခံပြီး အကြောင်းအရာတွေကို စိစစ်ပြီး ပြတာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လူတွေဟာ သူတို့နဲ့ အမြင်တူတဲ့သူတွေရဲ့ အမြင်တွေနဲ့ပဲ ၀န်းရံပြီး “bubble” တစ်ခုထဲ ရောက်နေတတ်ပါတယ်။ ဒါကြောင့် ကွဲပြားတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက် အမြင်တွေနဲ့ ထိတွေ့မှု နည်းသွားပြီး ကမ္ဘာကြီးကို မှားယွင်းစွာ မြင်တွေ့မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

မာတိကာ

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။

ဓာတ်ပုံရိုက်ကူးခြင်း နည်းစနစ်များ

1. ကောင်းမွန်သော ဓာတ်ပုံတစ်ပုံအတွက် အခြေခံအစိတ်အပိုင်းများ
2. မတူညီသော ရိုက်ချက်များ (Wide Shot, Medium Shot, Close-up) နှင့် ၎င်းတို့၏ အသုံးပြုပုံ
3. လှုပ်ရှားနေသော အရာဝတ္ထုများကို ရိုက်ကူးနည်းများ (Panning, Freezing Action)
4. လူများကို ဓာတ်ပုံရိုက်ရာတွင် သတိပြုရမည့် အချက်များ
5. သတင်းဓာတ်ပုံ ပုံစာရေးသားနည်းများ (Photo Caption)

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။