သတင်းဆိုင်ရာ အခြေခံသဘောတရားများ

သတင်းဆိုတာ ဘာလဲ

သတင်း (News) ဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော သို့မဟုတ် ဖြစ်ပျက်နေဆဲဖြစ်သည့် အဖြစ်အပျက်များအကြောင်း အချက်အလက် ဖြစ်သည်။ ယင်းသည် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အားကစား၊ ယဉ်ကျေးမှု၊ နည်းပညာ အစရှိသည့် ကဏ္ဍအသီးသီးမှ ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပြီး စုဆောင်းတင်ပြထားခြင်း ဖြစ်သည်။ သတင်းများသည် လူတို့၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိသည့်အပြင် ကမ္ဘာလောကအကြောင်း ပိုမိုသိရှိနားလည်စေရန် အထောက်အကူပြုသည်။

သတင်း၏ အဓိပ္ပါယ်

မြန်မာအဘိဓာန်တွင် သတင်းကို “ကြားသိအပ်သော အဖြစ်အပျက် အကြောင်းအရာ” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ဆိုလိုသည်မှာ လူတို့အတွက် အသိပေးသင့်သည့်၊ သိထားသင့်သည့် အကြောင်းအရာများကို ဆိုလိုသည်။

သတင်းစာပညာရှင်များက သတင်းကို “မှန်ကန်မှု၊ တိကျမှု၊ objectivity (ဘက်မလိုက်မှု) နှင့် fairness (တရားမျှတမှု) တို့ကို အခြေခံ၍ တင်ဆက်သော လတ်တလော ဖြစ်ရပ်များအကြောင်း အချက်အလက်များ” ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။

သတင်း၏ အရေးပါမှု

သတင်းသည် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

အသိပညာ တိုးပွားစေခြင်း။ သတင်းများသည် ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို သိရှိစေပြီး အသိပညာ တိုးပွားစေသည်။

ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း မြှင့်တင်ပေးခြင်း။ သတင်းအချက်အလက်များကို အခြေခံ၍ ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆုံးဖြတ်ချက်များကို ပိုမို ကောင်းမွန်စွာ ချမှတ်နိုင်စေသည်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုခြင်း။ သတင်းမီဒီယာများသည် အစိုးရ၏ လုပ်ရပ်များကို စောင့်ကြည့်ကြပ်မတ်ပြီး ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့်အတွက် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည်။

သတင်း၏ လက္ခဏာများ

တိကျမှန်ကန်မှု။ သတင်းသည် မှန်ကန်သော အချက်အလက်များကို အခြေခံရမည်။

ဘက်မလိုက်မှု။ သတင်းသည် ဘက်တဖက်တည်းကိုသာ ထောက်ခံခြင်း မဟုတ်ပဲ  သက်ဆိုင်ရာအမြင်အားလုံးကို မျှမျှတတတင်ပြရမည်။

တရားမျှတမှု။ သတင်းသည် သက်ဆိုင်သူအားလုံးကို တန်းတူညီမျှစွာ ဆက်ဆံပြီး တင်ပြရမည်။

ပြည့်စုံမှု။ သတင်းသည် ဖြစ်ရပ်တစ်ခု၏ ဆက်စပ်ပတ်သက်မှု အားလုံးကို တင်ပြရမည်။

သတင်းတန်ဖိုးရှိမှု။ သတင်းသည် လူအများအတွက် အရေးပါပြီး စိတ်ဝင်စားဖွယ်ရာ ဖြစ်ရမည်။

သတင်းရင်းမြစ်များ

သတင်းများကို သတင်းစာ၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်းသတင်းဌာနများ၊ လူမှုကွန်ရက်များ အစရှိသည့် မီဒီယာ အမျိုးမျိုးမှ ရရှိနိုင်သည်။ သို့သော် သတင်းရင်းမြစ်၏ ယုံကြည်စိတ်ချရမှုကို စိစစ်ဝေဖန်ပြီးမှ သတင်းများကို ဖတ်ရှုသင့်သည်။

သတင်းစာဖတ်သူ၏ တာဝန်

သတင်းစာဖတ်သူများအနေဖြင့် မတူညီသော သတင်းရင်းမြစ်များမှ သတင်းများကို ဖတ်ရှုပြီး ဘက်လိုက်မှုမရှိဘဲ ဝေဖန်ပိုင်းခြား သုံးသပ်တတ်ရန်လည်း အရေးကြီးသည်။

သတင်း၏ တန်ဖိုး အချက် (၇) ချက်

သတင်းတစ်ပုဒ်သည် သတင်းဖြစ်ရန် သတင်းတန်ဖိုးရှိသော အချက်များနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ အောက်တွင် သတင်းတန်ဖိုးရှိသော အချက် (၇) ချက်ကို အသေးစိတ် ရှင်းလင်းတင်ပြထားပါသည်။

၁။  အချိန်နှင့်တပြေးညီဖြစ်မှု  (Timeliness)

သတင်းသည် လတ်တလော ဖြစ်ပျက်ခဲ့သော သို့မဟုတ် ဖြစ်ပျက်နေဆဲဖြစ်သော အကြောင်းအရာဖြစ်ရမည်။ လူများသည် လတ်တလော ဖြစ်ရပ်များကို ပိုမို စိတ်ဝင်စားကြသောကြောင့် အချိန်နှင့်တပြေးညီ ဖြစ်ခြင်းသည် သတင်းတစ်ပုဒ်၏ အရေးပါဆုံးသော အချက်များထဲမှ တစ်ခုဖြစ်သည်။

၂။ နီးစပ်မှု (Proximity)

သတင်းဖြစ်ရပ်သည် သတင်းဖတ်ရှုသူနှင့် နီးစပ်သော နေရာဒေသတွင် ဖြစ်ပျက်ခြင်း ဖြစ်ပါက ပိုမို စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ ထို့ကြောင့် ဒေသဆိုင်ရာ သတင်းများသည် နိုင်ငံတကာ သတင်းများထက် ဒေသခံပြည်သူများအတွက် ပိုမို သက်ဆိုင်မှု ရှိပါသည်။

၃။ ထင်ရှားကျော်ကြားမှု  (Prominence)

ထင်ရှားကျော်ကြားသူများ ပါဝင်သော သတင်းဖြစ်ရပ်များသည် သတင်းဖြစ်လွယ်ပါသည်။ နာမည်ကြီး နိုင်ငံရေးသမားတစ်ဦး၏ လှုပ်ရှားမှု၊ ရုပ်ရှင်မင်းသားတစ်ဦး၏ အိမ်ထောင်ရေး သတင်းများသည် သာမန်လူတစ်ဦး၏ ဖြစ်ရပ်များထက် သတင်းတန်ဖိုး ပိုမိုရှိပါသည်။

၄။ ပဋိပက္ခ (Conflict)

ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများ၊ ပြဿနာများသည် သတင်းတန်ဖိုးရှိသော အချက်တစ်ခု ဖြစ်သည်။ စစ်ပွဲများ၊ ရာဇဝတ်မှုများ၊ ဆန္ဒပြမှုများ၊ အမှုအခင်းများသည် သတင်းဖြစ်လွယ်သော အကြောင်းအရာများဖြစ်သည်။

၅။ သက်ရောက်မှု (Impact)

ဖြစ်ရပ်တစ်ခု၏ သက်ရောက်မှု ကြီးမားပါက သတင်းတန်ဖိုး ပိုမိုရှိပါသည်။ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများ၊ စီးပွားရေး ပြိုလဲမှုများသည် လူအများအပေါ် သက်ရောက်မှုကြီးမားသောကြောင့် သတင်းတန်ဖိုး မြင့်မားပါသည်။

၆။ လူစိတ်ဝင်စားမှု (Human Interest)

လူစိတ်ဝင်စားမှုရှိသော ဇာတ်လမ်းများ၊ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များသည် သတင်းတန်ဖိုးရှိသော အချက်တစ်ခု ဖြစ်သည်။ သူရဲကောင်း လုပ်ရပ်များ၊ အခက်အခဲများကို ကျော်လွှားနိုင်သူများ၏ ဇာတ်လမ်းများသည် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်။

၇။ ထူးခြားမှု (Oddity)

ထူးခြားဆန်းပြားသော ဖြစ်ရပ်များ၊ မမျှော်လင့်ထားသော အကြောင်းအရာများသည် သတင်းဖြစ်လွယ်ပါသည်။ ထူးထူးခြားခြား မွေးဖွားလာသော ကလေးငယ်များ၊ ထူးခြားသော အရည်အချင်းရှိသူများ၊ ထူးခြားသော တွေ့ရှိမှုများသည် သတင်းတန်ဖိုးရှိသော အချက်များ ဖြစ်ကြသည်။

အထက်ပါ သတင်းတန်ဖိုး (၇) ချက်သည် သတင်းတစ်ပုဒ်၏ အရည်အသွေးကို ဆုံးဖြတ်ရာတွင် အရေးပါသော အချက်များ ဖြစ်ပါသည်။ သတင်းစာဖတ်သူများအနေဖြင့် ဤအချက်များကို နားလည်သဘောပေါက်ထားခြင်းဖြင့် သတင်းများကို ပိုမို ထိရောက်စွာ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

သတင်းအမျိုးအစားများ

သတင်းများကို အမျိုးအစားအမျိုးမျိုးခွဲခြားနိုင်ပြီး အဓိကအားဖြင့် Hard News, Soft News, Investigative News နှင့် Opinion ဟူ၍ ခွဲခြားနိုင်ပါသည်။ သတင်းအမျိုးအစားတစ်ခုစီသည် မတူညီသော ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံများနှင့် သတင်းဖတ်ပရိသတ်အပေါ် သက်ရောက်မှုများ ရှိပါသည်။

 

Hard News (အရေးကြီးသတင်း)

Hard News ဆိုသည်မှာ လတ်တလော ဖြစ်ပျက်နေသော သို့မဟုတ် မကြာသေးမီက ဖြစ်ပွားခဲ့သော အရေးကြီးသည့် ဖြစ်ရပ်များ၊ သတင်းများ ဖြစ်သည်။ ယင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်၊ ရာဇဝတ်မှု၊ ကပ်ရောဂါ စသည့် ကဏ္ဍများမှ သတင်းများ ပါဝင်သည်။ Hard News များသည် သတင်းဖတ်ပရိသတ်အပေါ် အမြန်ဆုံး သက်ရောက်မှုရှိစေရန် ရည်ရွယ်ပြီး တိကျမှန်ကန်သော အချက်အလက်များကို အချိန်နှင့်တပြေးညီ တင်ပြလေ့ရှိသည်။

ဥပမာ။ ရွေးကောက်ပွဲရလဒ်များ၊ စစ်ပွဲဖြစ်ပွားမှု၊ ငလျင်လှုပ်ခတ်မှု၊ အစိုးရ၏ အမိန့်ကြေညာချက်များ

 

Soft News (စိတ်ဝင်စားဖွယ် သတင်း)

Soft News ဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် ဖြစ်ပျက်နေသော အပျော်အပါး သို့မဟုတ် စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များ၊ သတင်းများ ဖြစ်သည်။ ယင်းတွင် ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ ဖျော်ဖြေရေး၊ လူမှုဘဝ၊ ခရီးသွား စသည့် ကဏ္ဍများမှ သတင်းများ ပါဝင်သည်။ Soft News များသည် သတင်းဖတ်ပရိသတ်ကို ဖျော်ဖြေမှုပေးရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပါသည်။

ဥပမာ။ ရုပ်ရှင်သတင်းများ၊ ဂီတပွဲတော်များ၊ ခရီးသွားဆောင်းပါးများ၊ အောင်မြင်ကျော်ကြားသူများ၏ အတ္ထုပ္ပတ္တိများ

 

Investigative News (စုံစမ်းဖော်ထုတ် သတင်း)

Investigative News ဆိုသည်မှာ နက်နဲစွာ စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ပြီးမှ တင်ဆက်သော သတင်းများ ဖြစ်သည်။ ယင်းသတင်းများသည် အများပြည်သူ မသိသေးသော အရေးကြီးသည့် အချက်အလက်များ၊ ဖုံးကွယ်ထားသော သတင်းများကို ဖော်ထုတ်တင်ပြလေ့ရှိသည်။ Investigative News များသည် လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု၊ မတရားမှုများကို ဖော်ထုတ်ရန်နှင့် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။

ဥပမာ။ အစိုးရအရာရှိများ၏ အဂတိလိုက်စားမှု သတင်းများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကုမ္ပဏီကြီးများ၏ လျှို့ဝှက်လုပ်ဆောင်မှုများ

 

Opinion (အမြင်)

Opinion ဆိုသည်မှာ သတင်းဖြစ်ရပ်တစ်ခုအပေါ် သတင်းထောက် သို့မဟုတ် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ပိုင်အမြင်၊ သုံးသပ်ချက်များ ဖြစ်သည်။ ယင်းသည် သတင်းများကို သုံးသပ်ခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုချက်များ ပေးခြင်းတို့ ပါဝင်နိုင်သည်။ Opinion သည် သတင်းဖတ်ပရိသတ်အား သတင်းဖြစ်ရပ်များကို ပိုမို နားလည်သဘောပေါက်စေရန်နှင့် မတူညီသော အမြင်များကို ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်ပါသည်။

ဥပမာ။ အယ်ဒီတာ့အာဘော်၊ သတင်းဆောင်းပါးများ၊ သုံးသပ်ချက်များ

သတင်းစာဖတ်သူများအနေဖြင့် သတင်းအမျိုးအစား အမျိုးမျိုးကို နားလည်သဘောပေါက်ထားခြင်းဖြင့် သတင်းများကို ပိုမို ထိရောက်စွာ ဖတ်ရှုနိုင်မည်ဖြစ်ပြီး သတင်းအချက်အလက်များကို ပိုမို ကောင်းမွန်စွာ ခွဲခြားသိရှိနိုင်မည် ဖြစ်ပါသည်။

မာတိကာ

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။

ဓာတ်ပုံရိုက်ကူးခြင်း နည်းစနစ်များ

1. ကောင်းမွန်သော ဓာတ်ပုံတစ်ပုံအတွက် အခြေခံအစိတ်အပိုင်းများ
2. မတူညီသော ရိုက်ချက်များ (Wide Shot, Medium Shot, Close-up) နှင့် ၎င်းတို့၏ အသုံးပြုပုံ
3. လှုပ်ရှားနေသော အရာဝတ္ထုများကို ရိုက်ကူးနည်းများ (Panning, Freezing Action)
4. လူများကို ဓာတ်ပုံရိုက်ရာတွင် သတိပြုရမည့် အချက်များ
5. သတင်းဓာတ်ပုံ ပုံစာရေးသားနည်းများ (Photo Caption)

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။