သတင်းရင်းမြစ်များနှင့် သတင်းရယူနည်းများ

သတင်းရင်းမြစ် အမျိုးအစားများ (Primary, Secondary)

သတင်းရင်းမြစ်များကို အဓိကအားဖြင့် primary source (ပထမအဆင့် ရင်းမြစ်) နှင့် secondary source (ဒုတိယအဆင့် ရင်းမြစ်) ဟူ၍ နှစ်မျိုး ခွဲခြားနိုင်ပါသည်။ သတင်းရင်းမြစ် အမျိုးအစားကို ခွဲခြားသိရှိခြင်းသည် သတင်းတစ်ပုဒ်၏ တိကျမှု၊ ယုံကြည်စိတ်ချရမှုကို ဆန်းစစ်ရာတွင် အထောက်အကူ ဖြစ်စေပါသည်။

၁။ ပထမအဆင့် ရင်းမြစ် (Primary Source)

ပထမအဆင့် ရင်းမြစ်ဆိုသည်မှာ ဖြစ်ရပ်တစ်ခုကို တိုက်ရိုက်မြင်တွေ့ခဲ့သူ၊ ကြုံတွေ့ခဲ့သူ သို့မဟုတ် ဖြစ်ရပ်တွင် တိုက်ရိုက်ပါဝင်ခဲ့သူထံမှ ရရှိသော သတင်းအချက်အလက် ဖြစ်သည်။ ယင်းတွင် ကိုယ်တွေ့မျက်မြင်သက်သေများ၊ ဖြစ်ရပ်တွင် ပါဝင်သူများ၏ ပြောကြားချက်များ၊ မူရင်းစာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ ပါဝင်နိုင်သည်။ ပထမအဆင့် ရင်းမြစ်များသည် သတင်းအချက်အလက်များ၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အခိုင်မာဆုံး အထောက်အထားများ ဖြစ်သည်။

ဥပမာများ

မျက်မြင်သက်သေ ပြောကြားချက်။ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာတွင် မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးဦး၏ ပြောကြားချက်

တရားဝင် အစိုးရ ထုတ်ပြန်ချက်များ။ သန်းခေါင်စာရင်း အချက်အလက်၊ ဘတ်ဂျက် အစီရင်ခံစာ

မူရင်း သုတေသန စာတမ်းများ။ သိပ္ပံနည်းကျ လေ့လာမှု တွေ့ရှိချက်များ၊ စစ်တမ်းများ

မူရင်း ဓာတ်ပုံများနှင့် ဗီဒီယိုများ။ သတင်းဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ

၂။ ဒုတိယအဆင့် ရင်းမြစ် (Secondary Source)

ဒုတိယအဆင့် ရင်းမြစ်ဆိုသည်မှာ ပထမအဆင့် ရင်းမြစ်များကို အခြေခံ၍ သုံးသပ်ချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ နောက်ခံသမိုင်းကြောင်းများ ပေးထားသော သတင်းအချက်အလက်များ ဖြစ်သည်။ ယင်းတွင် သတင်းဆောင်းပါးများ၊ စာအုပ်များ၊ ဝီကီပီးဒီးယား စသည်တို့ ပါဝင်နိုင်သည်။ ဒုတိယအဆင့် ရင်းမြစ်များသည် ဖြစ်ရပ်တစ်ခုကို ပိုမို နားလည်သဘောပေါက်စေရန် အထောက်အကူ ပြုနိုင်သော်လည်း သတင်းအချက်အလက်၏ တိကျမှုကို အတည်ပြုရန်အတွက် ပထမအဆင့် ရင်းမြစ်များကိုလည်း ကိုးကားသင့်ပါသည်။

ဥပမာများ

  • သတင်းဆောင်းပါးများ – သတင်းထောက်များက ရေးသားသော သတင်းဖြစ်ရပ် ဆန်းစစ်ချက်များ
  • စာအုပ်များ – သမိုင်းဖြစ်ရပ်များ၊ အတ္ထုပ္ပတ္တိများ၊ သုတေသန စာတမ်းများ
  • ဝီကီပီးဒီးယား – အများပြည်သူ ပူးပေါင်းပါဝင် ရေးသားသော အွန်လိုင်း စွယ်စုံကျမ်း
  • သတင်းဆိုင်ရာ သုံးသပ်ချက်များ – ကျွမ်းကျင်သူများက သတင်းဖြစ်ရပ်များအပေါ် သုံးသပ်ချက်များ

သတင်းရင်းမြစ် အမျိုးအစားကို ခွဲခြားသိရှိခြင်း၏ အရေးပါမှု

သတင်းတစ်ပုဒ်၏ တိကျမှု၊ ယုံကြည်စိတ်ချရမှုကို ဆန်းစစ်ရာတွင် သတင်းရင်းမြစ် အမျိုးအစားကို ခွဲခြားသိရှိခြင်းသည် အရေးကြီးပါသည်။ ပထမအဆင့် ရင်းမြစ်များကို အခြေခံထားသော သတင်းများသည် ပိုမို ယုံကြည်စိတ်ချရပြီး ဒုတိယအဆင့် ရင်းမြစ်များကို အခြေခံထားသော သတင်းများသည် သတင်းအချက်အလက်၏ တိကျမှုကို ထပ်မံ အတည်ပြုရန် လိုအပ်ပါသည်။

သတင်းရယူရာတွင် သတိပြုရမည့် အချက်များ

ယနေ့ခေတ်တွင် သတင်းအချက်အလက်များ အလွယ်တကူ ရရှိနိုင်သော်လည်း မှန်ကန်မှုရှိသော သတင်းများသာမက မှားယွင်းသော သတင်းများ၊ သတင်းတုများလည်း အလွယ်တကူပင် ပျံ့နှံ့နေပါသည်။ ထို့ကြောင့် သတင်းရယူရာတွင် သတင်းစာဖတ်ပရိသတ်များအနေဖြင့် အောက်ပါ အချက်များကို သတိပြုသင့်ပါသည်။

၁။ သတင်းရင်းမြစ်၏ ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။

  • သတင်းကို ဘယ်သတင်းဌာန ဒါမှမဟုတ် ဘယ်သူက ထုတ်ပြန်တယ်ဆိုတာ သေချာစစ်ဆေးပါ။ ယုံကြည်ရလောက်သော သတင်းဌာနကြီးများ၊ နာမည်ကြီး သတင်းဌာနများ၏ သတင်းများကို ဦးစားပေး ဖတ်ရှုသင့်ပါသည်။
  • အွန်လိုင်းပေါ်မှ သတင်းများကို ဖတ်ရှုပါက ဝက်ဘ်ဆိုက်၏ ဂုဏ်သတင်းကို သေချာစစ်ဆေးပါ။ သတင်းဌာန၏ “About Us” စာမျက်နှာတွင် သတင်းဌာန၏ ရည်မှန်းချက်၊ သမိုင်းကြောင်း၊ ဆက်သွယ်ရန် နည်းလမ်းများ ပါဝင်လေ့ ရှိပါသည်။

၂။ သတင်းအချက်အလက်၏ အထောက်အထားကို စစ်ဆေးပါ။

  • သတင်းတွင် ဖော်ပြထားသော အချက်အလက်များကို အခြားသော သတင်းရင်းမြစ်များနှင့် နှိုင်းယှဉ် ဖတ်ရှုကြည့်ပါ။ မတူညီသော ရင်းမြစ်များမှ ရရှိသော အချက်အလက်များကို နှိုင်းယှဉ်ခြင်းဖြင့် သတင်း၏ တိကျမှုကို ပိုမို သေချာစေနိုင်ပါသည်။
  • သတင်းတွင် ကိုးကားထားသော ရင်းမြစ်များကို လိုက်လံ စစ်ဆေးပါ။ သတင်းတွင် ဖော်ပြထားသော အချက်အလက်များကို အထောက်အကူ ပြုသည့် သက်သေအထောက်အထားများ (ဥပမာ – ဓာတ်ပုံ၊ ဗီဒီယို၊ စာရွက်စာတမ်းများ) ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။

၃။ သတင်း၏ ဘက်လိုက်မှု ရှိမရှိ သတိပြုပါ။

  • သတင်းတစ်ပုဒ်တွင် တစ်ဖက်သတ်ကိုသာ အလေးပေးထောက်ခံသည့် ဘက်လိုက်မှုများ ရှိမရှိ သတိပြုစစ်ဆေးပါ။
  • သတင်းပါ အချက်အလက်တွေကို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ထောက်ပံ့ထားရဲ့လား စစ်ဆေးပါ။
  • သတင်းတစ်ပုဒ်တည်းကိုသာ မကြည့်ဘဲ မတူညီသော အမြင်ရှိသည့် သတင်းရင်းမြစ်များကိုလည်း ဖတ်ရှုကြည့်ပါ။

၎။ သတင်း၏ အချိန်ကာလကို ထည့်သွင်းစဉ်းစားပါ။

  • သတင်းသည် လတ်တလော သတင်းလား၊ အချိန်ကြာမြင့်နေပြီလား စစ်ဆေးပါ။ အချိန်ကြာမြင့်နေပြီဖြစ်သော သတင်းများသည် ယခုအချိန်တွင် သက်ဆိုင်မှု ရှိ၊ မရှိ စဉ်းစားသုံးသပ်ပါ။
  • သတင်းတစ်ပုဒ်ကို ရေးသားသည့် အချိန်ကာလသည် သတင်းအချက်အလက်၏ တိကျမှုကို ထိခိုက်စေနိုင်သည်။ ဥပမာအားဖြင့် နှစ်ပေါင်းများစွာက ရေးသားခဲ့သော ဆေးပညာဆိုင်ရာ သတင်းတစ်ပုဒ်သည် ယနေ့ခေတ်တွင် မှန်ကန်မှု မရှိတော့ခြင်းမျိုး ဖြစ်နိုင်ပါသည်။

၅။ သတင်းအတည်ပြု ဝက်ဘ်ဆိုဒ်များကို အသုံးပြုပါ။

  • မြန်မာဘာသာသတင်းများ Fact Check လုပ်နိုင်သည့် ဝဘ်ဆိုဒ်များ

    1. DVB FactCheck: လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် Democratic Voice of Burma (DVB) မှ သတင်းတု၊ သတင်းမှားများကို စောင့်ကြည့် ဖော်ထုတ်ပေးသည့် အပိုင်းဖြစ်သည်။  မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းမှားများကို အဓိက ဖော်ထုတ် တင်ပြလေ့ရှိသည်။ DVB FactCheck အစီအစဉ်ကို Facebook နှင့် YouTube တွင်လည်း ကြည့်ရှုနိုင်ပါသည်။

    2. Boom Myanmar: အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းအချက်အလက်များ စစ်ဆေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော BOOM Live ၏ မြန်မာနိုင်ငံဆိုင်ရာ အပိုင်းဖြစ်သည်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသော သတင်းမှားများကို ဖော်ထုတ် တင်ပြလေ့ရှိသည်။

    3. AFP FactCheck: နိုင်ငံတကာ သတင်းဌာနကြီး Agence France-Presse (AFP) မှ သတင်းတု၊ သတင်းမှားများကို စောင့်ကြည့် ဖော်ထုတ်ပေးသည့် အပိုင်းဖြစ်သည်။ မြန်မာဘာသာဖြင့် သတင်းများကိုလည်း စစ်ဆေးပေးသည်။

    4. Mizzima FactCheck: မြန်မာနိုင်ငံ၏ လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် Mizzima မှ သတင်းမှားများ၊ သတင်းတုများကို ဖော်ထုတ်ပေးသည့် အပိုင်းဖြစ်သည်။

    အထက်ပါ ဝက်ဘ်ဆိုဒ်များသည် သတင်းတု၊ သတင်းမှားများကို စစ်ဆေးပေးသော်လည်း သတင်းစာဖတ်သူများ အနေဖြင့်လည်း ကိုယ်တိုင် သတင်းအချက်အလက်များ၏ တိကျမှုကို စစ်ဆေးရန် အရေးကြီးပါသည်။ မတူညီသော သတင်းရင်းမြစ်များမှ သတင်းများကို ဖတ်ရှုပြီး နှိုင်းယှဉ် သုံးသပ်ခြင်း၊ မေးခွန်းထုတ်ခြင်း၊ သတင်းအတည်ပြု ဝက်ဘ်ဆိုဒ်များကို အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် သတင်းမှန် ရရှိအောင် ကြိုးစားသင့်ပါသည်။

၆။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းများ မေးပါ။

  • သတင်းတစ်ပုဒ်ကို ဖတ်ရှုပြီးနောက် ကိုယ့်ကိုယ်ကိုယ် အောက်ပါ မေးခွန်းများ မေးခြင်းဖြင့် သတင်း၏ ယုံကြည်စိတ်ချရမှုကို ဆန်းစစ်နိုင်ပါသည်။
    • ဤသတင်းသည် ဘာကြောင့် အရေးကြီးသလဲ။
    • သတင်းရင်းမြစ်သည် ဘယ်သူလဲ၊ ဘယ်ကလဲ။
    • သတင်းရင်းမြစ်ကို ယုံကြည်ရသလား။
    • သတင်းတွင် ဖော်ပြထားသော အချက်အလက်များသည် အထောက်အထား ခိုင်လုံသလား။
    • ဤသတင်းသည် မိမိရဲ့ယုံကြည်နိုင်မှုနဲ့ ကိုက်ညီသလား။

၇။ သတင်းဖြန့်ဝေသူ နှင့် ရေးသားသူများ၏ သမိုင်းကြောင်းကို စစ်ဆေးပါ။

  • သတင်းကို မည်သူက ရေးသားသည်၊ မည်သည့် Website သို့မဟုတ် Social Media Page မှ ဖြန့်ဝေသည်ကို သေချာစစ်ဆေးပါ။
  • သတင်းရေးသားသူ သို့မဟုတ် ဖြန့်ဝေသူသည် ယခင်က မှားယွင်းသော သတင်းများ ရေးသားဖူးသည် သို့မဟုတ် ဖြန့်ဝေဖူးသည်ရှိမရှိ စစ်ဆေးပါ။
  • သတင်းရေးသားသူ သို့မဟုတ် ဖြန့်ဝေသူ၏ နောက်ကြောင်းကို သေချာစွာ မသိရှိပါက သတင်းအချက်အလက်၏ တိကျမှုကို အတည်ပြုနိုင်ရန် အခြားသော ရင်းမြစ်များကို ထပ်မံ ကိုးကားသင့်ပါသည်။

၈။ မိမိ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ပါ။

  • သတင်းတစ်ပုဒ်သည် မိမိ၏ ယုံကြည်ချက်၊ ကိုယ်ကျိုးစီးပွား၊ သဘောထား သို့မဟုတ် စိတ်ခံစားမှုများနှင့် ကိုက်ညီပါက အလွယ်တကူ ယုံကြည်လက်ခံတတ်သည့် သဘောရှိပါသည်။ ထို့ကြောင့် သတင်းတစ်ပုဒ်ကို ဖတ်ရှုရာတွင် မိမိ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ပြီး ယုတ္တိကျကျ သုံးသပ် ဆင်ခြင်သင့်ပါသည်။

၉။ သံသယဖြစ်ဖွယ်ရာ တွေ့ပါက သတင်းကို မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။

  • သတင်းတစ်ပုဒ်၏ တိကျမှုကို သံသယဖြစ်ပါက အခြားသူများထံ မျှဝေခြင်းမှ ရှောင်ကြဉ်ပါ။
  • မှားယွင်းသော သတင်းများကို မျှဝေခြင်းဖြင့် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပါသည်။
  • သတင်းတစ်ပုဒ်၏ တိကျမှုကို အတည်ပြုနိုင်မှသာ အခြားသူများထံ မျှဝေသင့်ပါသည်။

အထက်ဖော်ပြပါ အချက်များကို သတိပြုခြင်းဖြင့် သတင်းစာဖတ်ပရိသတ်များအနေဖြင့် သတင်းမှန်၊ သတင်းမှားကို ခွဲခြားသိရှိနိုင်ပြီး မှန်ကန်သော သတင်းအချက်အလက်များကို ရရှိနိုင်မည် ဖြစ်ပါသည်။

မာတိကာ

သတင်းတု၊ သတင်းမှားများကို ဖေါ်ထုတ်ခြင်း

တိကျမှန်ကန်သော သတင်းအချက်အလက်များကို မျှဝေရန် တာဝန်သည် သတင်းထောက်များ သို့မဟုတ် မီဒီယာဌာနများအပေါ်တွင်သာ မူတည်ခြင်း မဟုတ်ကြောင်း သတိရပါ။ ကျွန်ုပ်တို့ ဖတ်ရှုပြီး မျှဝေသည့်အရာကို ဝေဖန်ပိုင်းခြား သုံးသပ်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။ 

သင့်သတင်း၏ ရင်းမြစ်ကို သိရှိခြင်း၏ အစွမ်း

Echo Chamber ထဲ ပိတ်မိနေပြီလား?
ကိုယ့်ယုံကြည်ချက်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ကြားနေရတာ၊ တစ်ဖက်သတ်အမြင်တွေနဲ့ပဲ ကြုံနေရတာမျိုး ဖြစ်နေပါသလား။ ဒီလို echo chamber ကနေ လွတ်မြောက်ဖို့ သတင်းရင်းမြစ် ကွဲပြားမှုရဲ့ အရေးပါမှုကို ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဒစ်ဂျစ်တယ်စွဲလမ်းမှုကို တိုက်ဖျက်ခြင်း

ဒီဂျစ်တယ်ခေတ်ကြီးမှာ ကျွန်တော်တို့ ဘဝတွေဟာ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေနဲ့ မကင်းနိုင်သလောက် ဖြစ်နေပါပြီ။ အဆက်မပြတ် အသိပေးချက်တွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ လူမှုဆက်ဆံရေးတွေကြားမှာ ဘယ်အချိန်မှာမှ မျက်နှာပြင်နဲ့ ဝေးမနေနိုင် ဖြစ်နေပါတယ်။ ဒီလို ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုမိတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို လက်တွေ့ဘဝ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

Clickbait: လူမှုကွန်ရက်များ၏ အမှိုက်ပုံ

လူမှုကွန်ရက်တွေမှာ သတင်းတွေ ကြည့်ရှုရင်း “နောက်ဘာဖြစ်လာမလဲ သင် မယုံနိုင်စရာပဲ” ဒါမှမဟုတ် “ဒီရိုးရှင်းတဲ့ အကွက်တစ်ခုက အရာအားလုံးကို ပြောင်းလဲပေးလိမ့်မယ်” ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကို မကြာခဏ တွေ့နေရပါတယ်။ Clickbait လို့ လူသိများတဲ့ ဒီလို ဆွဲဆောင်မှုရှိတဲ့ ခေါင်းစဉ်တွေက သင့်ရဲ့ သိချင်စိတ်၊ အံ့သြစိတ်ကို နှိုးဆွပြီး လင့်ခ်ကို နှိပ်ချင်အောင် ဖန်တီးထားတာပါ။

သတင်းမှားတွေ ကျွန်ုပ်တို့ကို ဘယ်လိုလှည့်စားသလဲ

ကြော်ငြာတစ်ခု ဒါမှမဟုတ် သတင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါကြားရတဲ့အခါ အဲဒီအရာက မှန်တယ်လို့ လက်ခံလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက “Illusory Truth Effect” လို့ ခေါ်ပါတယ်။ တစ်ခုခုကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ ဦးနှောက်က အလွယ်တကူ လက်ခံ၊ နားလည်လာပြီး အမှန်တရားလို့ ထင်မြင်လာတတ်ပါတယ်။

သင့် အွန်လိုင်းဘဝ၏ မှတ်တမ်း

ဒီဂျစ်တယ်ခြေရာကို လူတစ်ဦး၏ အွန်လိုင်းလှုပ်ရှားမှုများနှင့် ၎င်းတို့အသုံးပြုသည့် စက်ပစ္စည်းများကို ခြေရာခံရန် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် digital shadow သို့မဟုတ် electronic footprint ဟုလည်း ခေါ်ဆိုပါသည်။

ဓာတ်ပုံရိုက်ကူးခြင်း နည်းစနစ်များ

1. ကောင်းမွန်သော ဓာတ်ပုံတစ်ပုံအတွက် အခြေခံအစိတ်အပိုင်းများ
2. မတူညီသော ရိုက်ချက်များ (Wide Shot, Medium Shot, Close-up) နှင့် ၎င်းတို့၏ အသုံးပြုပုံ
3. လှုပ်ရှားနေသော အရာဝတ္ထုများကို ရိုက်ကူးနည်းများ (Panning, Freezing Action)
4. လူများကို ဓာတ်ပုံရိုက်ရာတွင် သတိပြုရမည့် အချက်များ
5. သတင်းဓာတ်ပုံ ပုံစာရေးသားနည်းများ (Photo Caption)

ဗွီဒီယို ရိုက်ကူးခြင်း နည်းစနစ်များ

၁။ ဗွီဒီယို ရိုက်ချက် အမျိုးအစားများ
၂။ ကင်မရာ ရွေ့လျားပုံ အမျိုးအစားများ
၃။ တည်ငြိမ်သော ရိုက်ချက် ရရှိရန် နည်းလမ်းများ
၄။ အင်တာဗျူး ရိုက်ကူးနည်းများ

သတင်း ဖတ်ရှုခြင်း

သတင်းခေါင်းစဉ်နှင့် သတင်းအစ (Lead) သည် သတင်းတစ်ပုဒ်၏ အနှစ်ချုပ်ကို ဖော်ပြပေးသည့် အစိတ်အပိုင်းများ ဖြစ်ကြပြီး သတင်းတစ်ပုဒ်လုံးကို ဖတ်ရှုရန် ဆုံးဖြတ်ချက်ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။